သမိုင်း

Theme images by Storman. Powered by Blogger.

Text Widget

Sports

Gadgets

Blog Archive

Travel

Definition List

Monday, May 28, 2012

Windows 7 ရဲ့ 32-bit နှင့် 64-bit တို့၏ ကွာခြားချက်များ

ယနေ့ခေတ် ကွန်ပျူတာ အသုံးပြုသူများအကြားမှာ Windows Operating System 32-bit နဲ့ 64-bit အကြား ဘာတွေ ကွာခြားချက် ရှိသလဲဆိုတဲ့ မေးခွန်းကို အမြဲတမ်းလိုလို ကြားနေရပါတယ်။  Windows 32-bit နဲ့ 64-bit တို့ရဲ့ ကွာခြားချက်ကို မသိသေးတဲ့သူတွေဟာ 32-bit ဗားရှင်း Windows အဟောင်းကို အသုံးပြုကြသူများသာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Hardware တွေ ဈေးကျလာပြီး Windows 7 64-bit Operating System ထွက်ပေါ်လာတဲ့ အခါမှာတော့ အသုံးပြုသူတွေဟာ 64-bit Operating System မှာ ဘာတွေ ထောက်ပံ့ပေးထားတယ် ဆိုတာကို သိချင်လာကြပါတယ်။ ဒါကြောင့် 32-bit နဲ့ 64-bit တွေအကြား ကွာဟချက်တွေ၊ 64-bit Windows ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဖော်ပြလိုက်ပါတယ်။

64-bit တွက်ချက်မှုအကြောင်း သမိုင်းအကျဉ်းချုပ်

အရင်ဆုံး 32-bit နဲ့ 64-bit တို့ရဲ့ ဆိုလိုရင်းကို ရှင်းပြချင်ပါတယ်။ 32-bit နဲ့ 64-bit လို့ခေါ်ဆိုကြတဲ့ XX-bit format ဟာ CPU ရဲ့ register ပမာဏကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။ Register ဆိုတာကတော့ CPU က အသုံးပြုတဲ့ သိုလှောင်မှုပမာဏ အနည်းငယ်ဖြစ်ပြီး ၎င်းမှာ အသင့်လျော်ဆုံး ကွန်ပျူတာ စွမ်းဆောင်ရည်ကို အလျင်မြန်ဆုံး အသုံးပြုနိုင်စေရန်အတွက် လိုအပ်တဲ့ အချက်အလက်တွေကို သိမ်းဆည်းပါတယ်။ ဒါကြောင့် 64-bit register ဟာ 16-bit  နဲ့ 8-bit register တို့ထက် အချက်အလက်ပမာဏ ပိုမိုထိန်းချုပ်နိုင်တဲ့ 32-bit register ထက် ပိုမိုတဲ့ အချက်အလက်တွေကို ထိန်းသိမ်းထားနိုင်ပါတယ်။ CPU ရဲ့ register စနစ်မှာ နေရာလွတ် ပမာဏများပြားလေ အချက်အလက် ပိုမိုထိန်းသိမ်းနိုင်လေဖြစ်ပြီး တစ်နည်းအားဖြင့်ဆိုရရင် system memory ကို မြှင့်တင်ပေးနိုင်လေ ဖြစ်ပါတယ်။ 64-bit တွက်ချက်မှုစနစ်ကို လွန်ခဲ့တဲ့ ဆယ်စုနှစ်များကတည်းက အသုံးပြုခဲ့ကြတာပါ။ 64-bit တည်ဆောက်မှုစနစ် ပါဝင်တဲ့ ပထမဦးဆုံး ကွန်ပျူတာကို Cray UNICOS ကနေပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Nintendo 64 နဲ့ PlayStation 2 တို့မှာလည်း 64-bit ပရိုဆက်ဆာများကို အသုံးပြုထားပါတယ်။

64-bit တစ်ကိုယ်ရေသုံး ကွန်ပျူတာများ တစ်ဟုန်ထိုး မြင့်တက်ခဲ့တာကတော့ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်များက ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ Microsoft က Windows XP 64-bit ကိုဖြန့်ချိခဲ့ပေမယ့် driver အထောက်အပံ့ ကန့်သတ်ချက်တွေကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ခြင်း မရှိပါဘူး။ အဲ့ဒီနောက်မှာတော့ OS X Panther နဲ့ Linux distribution များကနေပြီး 64-bit CPU များအတွက် အထောက်အပံ့များကို စတင် ပြုလုပ်ပေးခဲ့ပါတယ်။ Mac OS X ကတော့ OS X Leopard ဖြန့်ချိခဲ့ချိန် ငါးနှစ်တာကာလအထိ 64-bit ကို အပြည့်အဝ အထောက်အပံ့ပေးခဲ့ခြင်း မရှိပါဘူး။ Windows ကလည်း Windows Vista မှာ 64-bit ကို အထောက်အပံ့ ပေးခဲ့ပေမယ့်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ Windows 7 ထွက်ပေါ်လာခဲ့တဲ့ အခါမှာတော့ 64-bit တွက်ချက်မှုစနစ်ဟာ အသုံးပြုသူများရဲ့ အားပေးလက်ခံမှုကို ရရှိခဲ့ပါတယ်။

သင့်ရဲ့ ကွန်ပျူတာဟာ 64-bit ကို သုံးနိုင်သလား

Windows XP အသုံးပြုသူတစ်ဦးအနေနဲ့ Windows 7 ထံ upgrade လုပ်ပြီး အသုံးပြုဖို့ စဉ်းစားနေတယ်ဆိုရင် အသုံးပြုသူရဲ့ ကွန်ပျူတာဟာ Windows 7 64  bit အသုံးပြုနိုင်ခြင်းရှိ၊ မရှိကို အရင်ဆုံး စစ်ဆေးဖို့လိုပါတယ်။ Windows Vista နဲ့ Windows 7 သုံးသူတွေဟာ Start menu ရှိ Computer ပေါ်တွင် right-click လုပ်ပြီး context menu ရှိ Properties ကိုနှိပ်ကာ ကြည့်နိုင်ပါတယ်။ ပေါ်လာတဲ့ System Properties menu ရဲ့ System type မှာ အသုံးပြုသူရဲ့ Windows ဟာ 32-bit လား 64-bit လားဆိုတာကို ကြည့်နိုင်ပါတယ်။

Windows XP  အသုံးပြုသူများ အနေနဲ့ 64-bit Windows ထံသို့ upgrade လုပ်လိုတဲ့အခါမှာ အခမဲ့ portable application ဖြစ်တဲ့ SecuAble (

http://www.grc.com/securable.htm

) နဲ့ ပရိုဆက်ဆာကို စစ်ဆေးသင့်ပါတယ်။ SecuAble ဟာ 64-bit ပရိုဆက်ဆာ ဟုတ်၊ မဟုတ်၊ အကယ်၍ 64-bit ချစ်ပ်ဖြစ်ပါက လုံခြုံရေးနည်းပညာ D.E.P ကို အထာက်အပံ့ပေးထားခြင်းရှိ၊ မရှိနဲ့ Windows 7 ကနေ Windows XP virtualization နဲ့ အသုံးပြုနိုင်ခြင်းရှိ၊ မရှိကို စစ်ဆေးပေးနိုင်ပါတယ်။ 64-bit ရဲ့ အားသာချက်နဲ့ အားနည်းချက်များ 64-bit  တွက်ချက်မှုစနစ်ရဲ့ သမိုင်းကြောင်းကို နားလည်သဘောပေါက်ပြီး အသုံးပြုသူရဲ့ ကွန်ပျူတာဟာ Windows 7 64-bit ကိုအသုံးပြုနိုင်တယ် ဆိုရင် 64-bit Operating System ရဲ့ အားသာချက်နဲ့ အားနည်းချက်တို့ကို သိထားဖို့ လိုပါတယ်။

RAM ပမာဏအများအပြားနဲ့ အသုံးပြုနိုင်ခြင်း  

Windows 32-bit ဗားရှင်းတွေမှာ RAM အသုံးပြုနိုင်တဲ့ ပမာဏက 4096 MB (4GB) အထိသာ ကန့်သတ်ထားပါတယ်။ 64-bit ဗားရှင်းတွေမှာတော့ သီအိုရီအရ RAM ပမာဏ 17 billion GB အထိ အထောက်အပံ့ ပေးနိုင်တယ်လို့ ဆိုပါတယ်။ လက်တွေ့အရတော့ Windows 7 64-bit Home edition မှာ RAM 16GB  အထိ အသုံးပြုနိုင်ပြီး Professional နဲ့ Ultimate edition တွေမှာတော့ 192GB RAM အထိ အသုံးပြုနိုင်ပါတယ်။

မြင့်မားတဲ့ အရည်အသွေးနဲ့ အသုံးပြုနိုင်ခြင်း

64-bit ကိုအသုံးပြုခြင်းဟာ RAM ပမာဏ အများအပြားနဲ့ အသုံးပြုနိုင်ရုံသာမကဘဲ RAM ကိုအသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးကိုလည်း ပိုမိုရရှိစေပါတယ်။ Register မှာရှိတဲ့ 64-bit address system ရဲ့ သဘာဝတရားကြောင့် Windows 64-bit ဟာ memory ကို ခွဲဝေသတ်မှတ်ပေးနိုင်ပြီး အဲ့ဒီအတွက် video card လိုမျိုး secondary system များမှ memory စားမှုကို လျှော့ချပေးနိုင်ပါတယ်။

လုပ်ဆောင်ချက် တစ်ခုစီအတွက် virtual memory ကို ပိုမိုခွဲဝေ သတ်မှတ်ပေးနိုင်ခြင်း

32-bit architecture Windows တွေမှာ application တစ်ခုအတွက် memory 2GB အထိ သတ်မှတ်ထားရန်အတွက် ကန့်သတ်ထားပါတယ်။ ခေတ်ပေါ် ဗီဒီယိုဂိမ်းများ၊ ဗီဒီယိုနဲ့ ဓာတ်ပုံ editing application များနဲ့ virtual machine လိုမျိုး application တွေဟာ memory ပမာဏ အတော်များများကို လိုအပ်ပါတယ်။ 64-bit တွက်ချက်မှု စနစ်မှာတော့ virtual memory 8 TB အထိ ထောက်ပံ့ပေးထားတဲ့အတွက် Photoshop editing အသုံးပြုသူများနဲ့ Crysis လို ဂိမ်းတို့ကို ကစားသူများအတွက် အကျိုးကျေးဇူး ရရှိစေမှာ ဖြစ်ပါတယ်။

အဆင့်မြင့် လုံခြုံရေးစနစ်များနဲ့ အသုံးပြုနိုင်ခြင်း

ခေတ်ပေါ် 64-bit ပရိုဆက်ဆာနဲ့ အသုံးပြုတဲ့ Windows 64-bit ဟာ Windows 32-bit အသုံးပြုသူတွေမှာ မရနိုင်တဲ့ လုံခြုံရေး ကာကွယ်မှုများကို ရရှိနိုင်ပါတယ်။ ဒီကာကွယ်မှု စနစ်တွေမှာ hardware D.E.P နဲ့ Kernel Patch Protection တို့ပါဝင်ပြီး ၎င်းတို့ဟာ kernel exploit များကို ကာကွယ်ပေးပါတယ်။ အထက်ပါအတိုင်း အားသာချက်တွေ ရှိသလို 64-bit  Operating System ကို အသုံးပြုတော့မယ့်အခါ စဉ်းစားဖို့လိုတဲ့ အားနည်းချက်တွေလည်း ရှိပါတယ်။

64-bit အတွက် driver အဟောင်းများ ရှာဖွေရခက်ခဲခြင်း

PC ထုတ်လုပ် ရောင်းချသူတွေဟာ 64-bit operating system များအတွက် အထောက်အပံ့ ပေးခဲ့ကြပေမယ့် device အဟောင်းများအတွက် driver များကို ရှာဖွေရာမှာ အခက်အခဲ ရှိနိုင်ပါတယ်။ မော်ဒယ်မြင့် ထုတ်ကုန်တွေကို အသုံးပြုနေတယ် ဆိုရင်တော့ 64-bit driver များကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။

Motherboard က 4 GB RAM အထိသာ အထောက်အပံ့ ပေးနိုင်ခြင်း

အစောပိုင်း 64-bit ပရိုဆက်ဆာတွေ အသုံးပြုနိုင်တဲ့ motherboard တွေဟာ RAM 4 GB အထိသာ အထောက်အပံ့ ပေးနိုင်ပါတယ်။ 4 GB ထက်ပိုမိုတဲ့ memory ကို အသုံးပြုချင်တယ် ဆိုရင်တော့ motherboard အသစ်ကိုဝယ်ကာ အဆင့်မြှင့်ခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။

64-bit application များကို ရှာဖွေရခြင်း

တချို့ဆော့ဖ်ဝဲတွေဟာ 64-bit မှာ ချောမွေ့စွာ အလုပ်လုပ်နိုင်ခြင်း မရှိပါဘူး။ Windows 7 64-bit ရဲ့ ယခင် Windows ဗားရှင်းတွေနဲ့ မတူတဲ့အချက်ကတော့ 16-bit application တွေကို လုံးဝအထောက်အပံ့ မပေးထားခြင်း ဖြစ်ပါတယ်။ နောက်ပြီး scanner  များနဲ့ printer များဟာလည်း 32-bit  driver များကို အထောက်အပံ့ပေးထားပြီး ၎င်းတို့ကို Windows 7 64-bit ပေါ်မှာ အသုံးပြုလိုတဲ့အခါမှာ ချောမွေ့စွာ လုပ်ဆောင်နိုင်ဖို့အတွက် ပြင်ဆင်ထားခြင်း ဒါမှမဟုတ် 64-bit driver များ ရှာဖွေထားခြင်းတို့ကို အသေအချာ ပြုလုပ်ထားဖို့ လိုပါတယ်။

No comments:
Write comments