သမိုင်း

Theme images by Storman. Powered by Blogger.

Text Widget

Sports

Gadgets

Blog Archive

Travel

Definition List

Sunday, May 17, 2015

နာဂတောင်တန်းဆီက မီးအိမ်ရှင်များ

Gin Deih Niang
ဆရာမဂင့်ဒိတ်ကို သူ့ကျေင်းသူမလေးနှင့်
အတူတွေ့ရစဉ်၊








ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသတွင် နေ့စားလပေး ပညာရေးဝန်
ထမ်းအဖြစ် ခေါ်ယူခဲ့သည့် စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ပြီးနောက် အသက်(၂၄)နှစ်အရွယ်  ဇိုမီးတိုင်းရင်းသူ ဆရာမဂင်ဒိတ်ညန်က မိုင်ပေါင်းများစွာ ဝေးကွာသော နာဂတောင်တန်းတွင် သွားရောက်တာဝန်ထမ်းရန် ရွေးချယ်လိုက်သည်။ ကလေးမြို့ခံဆရာမက မြေပြန့်ဒေသတွင် ကျောင်းဆရာမအဖြစ် လျှောက်ထားသည်ထက် တောင်ပေါ်ဒေသ၌ လျှောက်ထားပါက အလုပ်ရရန် ပိုမိုနီးစပ်သည်ဟု ခန့်မှန်းခဲ့ပြီးနောက် နာဂဒေသ လဟယ်မြို့နယ်တွင် သွားရောက်တာဝန်ထမ်းဖြစ်ခဲ့သည်။

သူတာဝန်ကျရာရွာသို့ရောက်ရန် လဟယ်မြို့မှ ဆိုင်ကယ်ဖြင့် နှစ်နာရီကြာသွားရသည်။ ထို့နောက် လေးနာရီကြာ ခရီးနှင်ပြီးမှ ရောက်နိုင်သည့် ထန်ခေါ်ဟေဖွန်ရွာတွင်ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသအတွင်းရှိ မြို့နယ်များတွင် ၂၀၁၃-၁၄ ပညာသင်နှစ်နှင့် ၂၀၁၄-၁၅ ပညာသင်နှစ်အတွင်း ခန့်အပ်ခဲ့သည့် တစ်နေ့လျှင် ငါးထောင်ကျပ် ခံစားခွင့်ရမည့် နေ့စားလပေး မူလတန်းပြဦးရေ ၈၀၀ ကျော်အနက် ဆရာမဂင်ဒိတ်ညန်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ သူတာဝန်ကျရာ တွဲဖက်မူလတန်းကျောင်းတွင် ရောက်စက ကျောင်းဆရာ၊ ဆရာမဆို၍ သူတစ်ဦးတည်းရှိသဖြင့် သူငယ်တန်း၊ တစ်တန်း၊ နှစ်တန်း၊ သုံးတန်းတို့ကို သူတစ်ဦး
တည်း သင်ကြားရသည်။
‘‘ကျွန်မက လိုက်ဆိုလို့ပြောရင် သူတို့က ‘‘လိုက်ဆို’’ဆိုပြီး နောက်က လိုက်ပြောကြတယ်’’ဟု နာဂတိုင်းရင်းသားအများစုဖြစ်သည့် တပည့်များနှင့် ဆရာမတို့ စတွေ့စဉ်က မမေ့နိုင်စရာ အခက်အခဲ အမှတ်တရများစွာအနက် တစ်ခုကို ဆရာမဂင်ဒိတ်ညန်က ပြန်ပြောပြသည်။ ထို့ကြောင့် မြန်မာစကားနားလည်သည့် ရွာခံလူကြီးတစ်ဦးကို စာသင်ခန်းအတွင်းထိုင်စေပြီး သူသင်ပြသည့်စာကို နာဂဘာသာဖြင့် ပြန်လည်ပြောပြစေခြင်းအထိပင်ဟု ဆရာမဂင်ဒိတ်ညန်ကပြောသည်။
မြန်မာစကားနားမလည်သော တပည့်ငယ်များကို စာသင်ခန်းအတွင်း ရောက်ရေးကိုလည်း သူအတော်လုံးပန်းခဲ့ရသေးသည်။ ကျောင်းမဖွင့်မီကတည်းက ရွာထဲမှနေအိမ်များကို တစ်အိမ်တက် တစ်အိမ်ဆင်း သွားရောက်ကာ ကလေးငယ်များအား ကျောင်းထားကြရန် မိဘများကို တိုက်တွန်းခဲ့ရသေးသည်။ ကျောင်းဖွင့်ပြန်တော့လည်း ‘‘ဒီနေ့ ကျောင်းဖွင့်လား ဆရာမ’’ဟု နေ့စဉ်လာမေးကြသည့် ကျောင်းသားငယ်များ၏ အမေးကို 
ဖြေရသည်ကလည်း အလုပ်တစ်ခုလိုဖြစ်ခဲ့သည်။ အကြောင်းမှာ တောင်ယာသီးနှံပေါ်ချိန်၊ တောင်ယာမီးရှို့ချိန်၊ ရွာထဲ ပွဲလမ်းသဘင်များရှိချိန်ဆိုလျှင် ရွာရှိကလေးအကုန် ထိုပွဲများသို့ ရောက်နေတတ်ပြီး သွားရောက်ခေါ်နိုင်မှသာ စာသင်ခန်းအတွင်း လူစုံတက်စုံတွေ့ရသည်။
‘‘သူတို့က ကျောင်းမတက်ချင်ကြဘူးလေ။ ရွာမှာ အသုဘရှိရင်တောင် ပွဲရှိတယ်ဆိုပြီး ကျောင်းပိတ်မလားနဲ့ လာမေးနေကြတယ်’’ဟု ဆရာမဂင်ဒိတ်ညန်က ညည်းညူသည်။ စာတတ်ရေးထက် ဝမ်းဝရေးအတွက် ပိုမိုရုန်းကန်ရသည့် ထိုဒေသမျိုးတွင် တောင်ယာလုပ်ငန်းခွင်ဝင်ချိန်ရောက်လျှင် တပည့်များမှာ စာသင်ခန်းထဲရောက်ရမည့်အစား မိဘကိုကူရင်း တောင်ယာထဲ ရောက်နေတတ်ကြသည်။ ရွာထဲမှ တောင်ယာလုပ်ငန်းခွင်သို့သွားလျှင် စာသင်ကျောင်းရှေ့မှ ဖြတ်သွားရသည်။ တစ်ခါကဆိုလျှင် ကျောင်းမတက်ဘဲ တောင်ယာသို့ သွားရောက်ကူညီသည်ကို ဆရာမမြင်ပါက ဆူမည်စိုးသဖြင့် ပြောင်းဖူးထည့်ထားသည့်တောင်းကို ထီးများဖြင့်ကွယ်ကာ မမြင်အောင်ကွယ်၍ သွားကြသည့် တပည့်များပင် ရှိခဲ့ဖူးသည်ဟု တွေ့ခဲ့ကြုံခဲ့သော တပည့်များအကြောင်းကို ဆရာမဂင်ဒိတ်ညန်ကပြောသည်။
‘‘ရောက်ခါစက သူတို့က ကျွန်မကို မေးကြတယ်။ ဆရာမတို့ဒေသမှာ ဘာတွေစားလဲပေါ့။ ကျွန်မက ထမင်းစားတယ်လို့ သူတို့ကို ပြောပြတဲ့အခါမှာ သူတို့ အရမ်းအံ့ဩကြတယ်။ နောက်မှသိရတာက သူတို့က ပြောင်းဖူးနဲ့ ထမင်းရောပြီး တစ်နှစ်ပတ်လုံးစားကြရတယ်’’ဟု ဆရာမဂင်ဒိတ်ညန်ကပြောသည်။
သို့သော် သူစားဖို့အတွက် ဆိုလျှင်တော့ လိုအပ်သည့်ဆန်ကို မြို့ပေါ်သို့ ခြေလျင်သွားရောက်ဝယ်ယူပေးကြသည်ဟု ဆရာမဂင်ဒိတ်ညန်က ပြောသည်။ ဆရာမဂင်ဒိတ်ညန်ကဲ့သို့ပင် လဟယ်မြို့မှ ဆိုင်ကယ်ဖြင့် သုံးနာရီအကြာ သွားရသည့် ဟွေ့ထိုက်ကျေးရွာတွင် တာဝန်ကျနေသည့် (၂၃)နှစ်အရွယ် မူလတန်းပြဆရာမ ဒေါ်စိုးစိုးအေးတွင်လည်း နာဂတိုင်းရင်းသားကလေးငယ်များကို စာပေသင်ကြားရာတွင် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရပါသည်။
‘‘ကျောင်းတက်တဲ့ ကလေးတွေကလည်း တောင်ယာသိမ်းချိန်ရောက်ပြီဆိုရင် ကျောင်းပျက်ကြပါတယ်။ တချို့ဆိုရင်လည်း မိဘကိုယ်တိုင် ကျောင်းကိုလာပြီး တောင်ယာသိမ်းချိန်မို့ ခေါ်သွားဦးမယ်နော်ဆိုပြီး လာခေါ်သွားတယ်’’ဟု ဆရာမဒေါ်စိုးစိုးအေးကပြောသည်။
ကျောင်းတွင် ကျောင်းတက်သည့် ကျောင်းသားများ နည်းလာသည့်အခါမျိုးတွင် ကျောင်းအုပ်ဆရာကြီးကိုယ်တိုင် ရွာရှိ ခရစ်ယာန်ဘုရားကျောင်းသို့ သွားရောက်ကာ လူစုံလေ့ရှိသည့် ဘုရားကျောင်းတက်ချိန်တွင် ကလေးငယ်များ ကျောင်းပျက်များသည့်အတွက် ကျောင်းပိတ်ရက်များတွင် အစားထိုးပြန်လည်သင်ကြားပေးနိုင်ရန် မိဘများနှင့်သွား၍ တိုင်ပင်ရသည်ဟု ၎င်းကပြောသည်။
ကျောင်းအုပ်ကြီးကိုယ်တိုင် ပြောဆိုဆွေးနွေးသဖြင့် နောက်ရက်များတွင် ကျောင်းသားများ ကျောင်းသို့ ပြန်လာတက်ကြသော်လည်း နောက်တစ်ပတ် တောင်ယာသိမ်းချိန်တွင်မူ စာသင်ခုံများတွင် နေရာလွတ်များစွာ ပြန်ဖြစ်စမြဲဟု ဆရာမဒေါ်စိုးစိုးအေးကပြောပြသည်။
သူက အခြားဆရာမတွေထက်တော့ ကံကောင်းသည်။ တာဝန်ကျနေသည့် ကျေးရွာလေးမှ ကလေးငယ်များသည် မြန်မာစကား တတ်ကျွမ်းနားလည်ကြခြင်းကြောင့် စာပေသင်ကြားရာတွင်တော့ အခက်အခဲမရှိပေ။ တောင်ယာလုပ်ငန်းကိုသာ စိတ်ဝင်စားကြသည့် နာဂတိုင်းရင်းသားလေးများအဖို့ ကျောင်းသို့လာရောက်သည့်အခါတွင်လည်း အဝတ်အစား ကောင်းမွန်စွာဝတ်ဆင်နိုင်ခြင်းမရှိသည်ကို သတိထားမိပြီးနောက် ပါသွားသည့် အဝတ်အစားများ ပေးဝေခဲ့သည်ဟုပြောသည်။
‘‘အခုလည်း အမျိုးတွေဆီက အဝတ်အစားတွေ တောင်းထားပြီးပြီ။ ကျောင်းဖွင့်ရင် တတ်နိုင်သလောက် သယ်သွားမယ်’’ဟု ဒေါ်စိုးစိုးအေးကပြောသည်။
ဒေါ်စိုးစိုးအေးကဲ့သို့ ကလေးမြို့မှ ဆရာမဒေါ်မို့မို့သည်လည်း လဟယ်မြို့မှ ရှစ်နာရီကြာ လမ်းလျှောက်ပြီးမှရောက်သည့် အံ့ပေါ်ဟု အမည်ရသည့် ကျေးရွာလေးတွင် နေ့စားလပေး မူလတန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်နေရသည်။
သူတာဝန်ကျသည့် တစ်ရွာလုံးတွင် ဆိုင်ကယ်နှစ်စီးခန့်ရှိသော်လည်း ဒေသခံတိုင်းရင်းသားများမှာ ကျွမ်းကျင်စွာ စီးတတ်ခြင်းမရှိသောကြောင့် ခြေလျင်သွားကြသည်က များသည်ဟု ဒေါ်မို့မို့က သူ၏ ကျေးရွာသားများအကြောင်း ဝေငှသည်။
‘‘နှစ်စမှာတော့ ကျောင်းသားဦးရေ ၁၀၀ ကျော်သေးတယ်။ နောက်ကျတော့ တစ်ယောက်ထွက်တစ်ယောက်ထွက်နဲ့ စာမေးပွဲဖြေတော့ ကျောင်းသားဦးရေ ၇၀ ပဲ ကျန်တော့တယ်’’ဟု ၎င်းကပြောသည်။
သို့သော် သူတာဝန်ကျနေသည့် ကျေးရွာရှိ တိုင်းရင်းသားများသည် ပညာရေးဘက်တွင် စိတ်ပါဝင်စားသူများဖြစ်ကြပြီး ဆရာ၊ ဆရာမများအတွက် မြို့ပေါ်သို့ အချိန်မရွေးသွားရောက်ပြီး လိုအပ်သည်များ ဝယ်ယူပေးကြလေ့ရှိသလို တောတောင်ထဲမှ ပစ်ခတ်ဖမ်းမိလာသည့် တောကောင်များရပါက ဆရာ၊ ဆရာမများ စားရန်ဟုဆိုကာ လာရောက်ပေးလေ့ရှိသည်ဟု ဆိုသည်။
စေတနာကို တုံ့ပြန်သည့်အနေဖြင့် ဆရာ၊ ဆရာမများကလည်း လစာထုတ်ရက်ရောက်ပါက မြို့ပေါ်ရှိ ဆေးလိပ်သောက်ရန် ပြုလုပ်ထားသည့် ဆေးဖျော်အထုပ်များ၊ လက်ဖက်ခြောက်ထုပ်များကို ဝယ်ယူကာ လက်ဆောင်ပြန်ပေးကြသည်ဟု သူက ပြောသည်။
ဒေသခံ တိုင်းရင်းသားများ ကြိုက်နှစ်သက်သည့် ဆေးဖျော်နှင့် လက်ဖက်ခြောက်ထုပ်များကို မိုးရာသီကျောင်းများ ပြန်ဖွင့်ချိန် တာဝန်ကျကျေးရွာသို့ သွားရောက်ပါက လက်ဆောင်ပေးရန် ဝယ်ယူစုဆောင်းထားပြီး ဖြစ်သည်ဟု အသက်(၂၃)နှစ်အရွယ် ဆရာမဒေါ်မို့မို့ကပြောသည်။
နာဂတောင်တန်းဒေသတွင် တစ်ရက်လျှင် ငွေကျပ်ငါးထောင်သာရသည့် နေ့စားလပေး မူလတန်းပြဆရာမလေးများတွင် တူညီနေသည့် အချက်တစ်ခုရှိနေပြီး ထိုအချက်က မိုးဦးရာသီကာလ ကျောင်းပြန်ဖွင့်ပါက မိမိတို့တာဝန်ကျနေသည့် ကျေးရွာများရှိ ကလေးငယ်များအား လက်ဆောင်ပေးရန် အဝတ်အစားများ၊ ဒေသခံ နာဂတိုင်းရင်းသားတို့ အသုံးများသည့် လက်ဖြင့်လိပ်၍ အသင့်သောက်ရန် ပြင်ဆင်ထားသည့် ဆေးဖျော်ထုပ်များ၊ လက်ဖက်ခြောက်များ ယူဆောင်သွားကြမည်ဖြစ်သည်။
ထိုကဲ့သို့ ကလေးမြို့နှင့် မုံရွာမြို့များမှ နာဂဒေသသို့သွားပါက ငွေကျပ်သုံးသိန်းနှင့်အထက် အကုန်အကျခံကာ ခြေလျင်တစ်လှည့်၊ ဆိုင်ကယ်တစ်လှည့်ဖြင့် သွားရပြီး ခက်ခဲကြမ်းတမ်းသော်လည်း နေ့စားလပေးမူလတန်းပြ ဆရာ၊ ဆရာမများအဖြစ် အလုပ်တစ်နေရာရရန် သွားရောက်လျှောက်ထားမည့် အသက်(၂၀)ကျော် ဘွဲ့ရမိန်းကလေးများမှာလည်း အလုပ်ထပ်မံခေါ်ပါက လျှောက်လွှာတင်ရန် အဆင်သင့်ပြင်ထားကြပြီဖြစ်
သည်။

No comments:
Write comments