သမိုင်း

Theme images by Storman. Powered by Blogger.

Text Widget

Sports

Gadgets

Blog Archive

Travel

Definition List

Thursday, May 12, 2016

ရဲဘော်ရဲဘက်

  မြန်မာသက္ကရာဇ် ၈၈၉ ခုနှစ်၊ အင်းဝခေတ်ပတ်ဝန်းကျင်တွင် ရှင်အဂ္ဂသမာဓိက “ ရဲဘော် ” ဝေါဟာရကိုဖွင့်ဆိုပြီး နောက် နှစ်နှစ်အကြာမှာ ရှင်မဟာရဌသာရ၏ သံဝရပျို့ စာပိုဒ် ၁၇၃ မှာ အောက်ပါ အတိုင်းတွေ့ရပေသည်။

“ ဆွေစစ်မျိုးစစ်၊ ကျေးနှစ်ကျွန်ရင်း၊ ရဲဘော်ချင်းနှင့် ရဲတင်းလက်နက်၊ ရဲဘက်မှူးမတ်၊ ရဲညီညွတ်လျက်၊ မချွတ်သစ္စာ၊ ပညာလုံ့လ၊ စွန့်ထပေးကမ်း၊ ပြည်လုံးမွမ်း၍၊ တတ်စွမ်းနိုင်ရေး၊ ရှင့်ညီထွေး ကား၊ ရှေးထောက်နောက်ငဲ့၊ ကိုယ်ကြပ်ဖွဲ့သော်၊ ကိုးဆယ့်ကိုးထပ်၊ နားပန်းထပ်မှု၊ ချည်းကပ်မြို့ပါး၊ နောင် တော်များ၏၊ စွမ်းအားကြီးထူ၊ ရဲမက်ဟူသား၊ ရန်သူမှန်တိုင်း၊ လှိုင်း၍လှုပ်ဖြို၊ စိတ်မပြိုသည်၊ မြင်းမိုရ်တောင် နှယ်ခိုင်သတည်း ” ရှင်မဟာရဌသာရသည် အင်းဝခေတ်၏ ရှေ့ဆောင်ပုဂ္ဂိုလ်စာဆိုအရှင်ဖြစ်ပေသည်။ စာဆို၏ကိုးခန်းပျို့ဘူရိဒတ်လင်္ကာကြီး၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့၊ ဂမ္ဘီသာရပျို့များမှာ ထင်ရှားပြီး အားထား မှီခိုရာဖြစ်ပေသည်။ အထက်ဖော်ပြပါ သံဝရပျို့လာ ရဲဘော်ချင်း၊ ရဲတင်းလက်နက်၊ ရဲဘက်မှူးမတ်၊ ရဲညီညွတ်၊ ရဲမက်စသည်ဖြင့် စစ်ဝေါဟာရများစွာကို ဖွင့်ဆိုထားပေသည်။ သံဝရပျို့ကို ပြည်ဘုရင်ထွေးက တောင်းပန်သဖြင့် ပြည်မြို့မှာ ရှင်မဟာရဌသာရက နောက်ဆုံးလက်ရာမွန်အဖြစ် ဖွဲ့ဆိုခဲ့သည်။ မိုးညှင်းစလုံသည် အင်းဝကိုတိုက်ခိုက်အောင်မြင်၍ စာဆိုရှင်အဂ္ဂသမာဓိကိုပါ မြေဒူးမြို့သို့ပင့်ဆောင်သွားခဲ့ သည်။ ယင်းမြို့မှာ သီတင်းသုံးစဉ် ယွန်းဆရာတော်၏တိုက်တွန်းချက်အရ သုဝဏ္ဏသာမသူဌေးခန်း၊ မြားပစ်ခန်း၊ သစ္စာခန်းပျို့ကြီးများကို ရေးသားဖွဲ့ဆိုခဲ့ပေသည်။ ယင်းပျို့များမှ “ ရဲဘော် ” ဝေါဟာရကို အကျယ်တ၀င့်ဖွင့်ဆိုခဲ့ခြင်းဖြစ်ပေသည်။

“ ရဲဘော်ချင်းနှင့်၊ ရဲတင်းလက်နက်၊ ရဲဘက်မှူးမတ်၊ ရဲညီညွတ်လျက် ” ဟူ၍ နိုင်ငံတော်အရေးကြုံ လာသောအခါ စစ်သည်ရဲမက်ဗိုလ်ပါ ပြည်သူအပေါင်းတို့က ရဲဘော်ရဲဘက်ပီသစွာ ညီညွတ်စွာ ခုခံတွန်းလှန်အသင့်ရှိပုံကို ဖွဲ့ဆိုဖော်ပြထားပေသည်။

ရှင်မဟာရဌသာရ၏ ရဲဘော်ရဲဘက်ဟူသော ဝေါဟာရသည် အရှင်အဂ္ဂသမာဓိ၏ ရဲဘော်ဝေါဟာရ နှင့် အဓိပ္ပာယ်သင့်လျော်ညီညွတ်နေပေသည်။

“ ဆွေရင်းမျိုးချာများ၊ မှူးမတ်များ၊ အမှုထမ်းများအားလုံးသည် စည်းလုံးညီညွတ်ကြသည်။ ရန်သူ နှင့်တွေ့ပါက ရဲရင့်ကြသည်။ ရဲဘော်ရဲဘက်ပီသစွာ တိုက်ပွဲဝင်သူများ ” ဟူ၍ အဓိပ္ပာယ်ရှိကြောင်းတွေ့ရသည်။

“ ရဲဘော် ” ဟူသောဝေါဟာရ ခေတ်စားထင်ရှားလာခြင်း

မြန်မာသက္ကရာဇ် ၈၈၉ ခှုနှစ်၊ အင်းဝခေတ်ပတ်ဝန်းကျင်တွင် ရှင်အဂ္ဂသမာဓိက သုဝဏ္ဏသာမသူဌေး ခန်း၊ မြားမှန်ခန်း၊ သစ္စာဆိုခန်း၊ ပျို့လင်္ကာကြီးများ ရေးသားခဲ့ရာ သူဌေးခန်း စာပိုဒ် ၆၅ မှာ “ မိဘစစ်ကို၊ ဆုတ်နှစ်ဖဲဖဲ၊ ရဲဘော်မသွေ၊ ရဲလေသောအား ” မြားပစ်ခန်း စာပိုဒ် ၆၄ မှာ “ ရဲမည်အခါ၊ ရဲခါရောက်သော်၊ ရဲဘော်မညီ ” ဟု ဖော်ပြသုံးနှုန်းထားပေသည်။

ယင်းခေတ်ပတ်ဝန်းကျင်မှစတင်ကာ “ ရဲဘော် ” ဝေါဟာရခေတ်စားထင်ရှားလာသည်ဟု ဆိုစမှတ် ပြုနိုင်ပေသည်။ ရှင်အဂ္ဂသမာဓိသည် မိမိ ဖခင်သူရဲကောင်း ဘယကျော်သူကို ဂုဏ်ပြုလို၍ “ ရဲဘော် ” ဝေါ ဟာရကို ဖွဲ့ဆိုခဲ့ကြောင်း သိကောင်းစရာ လေ့လာနိုင်ပေသည်။

ပုဂံခေတ်မှပင် စတင်ထွန်းကားခဲ့သော ဗုဒ္ဓဘာသာကို မြန်မာတို့ ကြည်ညိုသဒ္ဓါပွားခဲ့ကြရာမှ မြန်မာ သက္ကရာဇ် ၈၈၈ ခုနှစ်၊ အင်းဝခေတ်ကာလတွင် သိုဟန်ဘွား၏ ရမ်းကားမှုကြောင့် အမျိုးဘာသာသာသနာ ပျောက်ကွယ်လုနီးပါး ထိတွေ့ခံစားခဲ့ကြရသည်။ ထိုခေတ်ကာလတောင်းဆိုမှုဖြင့် စာဆိုရှင်အဂ္ဂသမာဓိသည် ဘုရားလောင်းသုဝဏ္ဏသာမ ဇာတ်တော်ကြီးအားအခြေခံထား၍ သူဌေးခန်း၊ မြားမှန်ခန်း၊ သစ္စာဆိုခန်းတို့ကို ဖွဲ့ဆိုတင်ပြခဲ့ပေသည်။ ဖခင်စစ်သူရဲကောင်း၏ သြ၀ါဒစကားများကို မှတ် သားလေ့လာရာမှ စစ်ဝေါဟာရ၊ စစ်သဘောတရား၊ စစ်ဗဟုသုတများရရှိကာ “ ရဲဘော် ” ဝေါဟာရကို ဖွင့်ဆိုရှင်းပြခဲ့ပေသည်။

ထို့အတူ ရှင်မဟာရဌသာရသည် အင်းဝမှပြည်သို့ ပင့်ဆောင်ခြင်းခံရပြီး ပြည်မြို့မှာ သီတင်းသုံးစဉ် ပြည်ဘုရင်ထွေးက ကျေးဇူးပြုသည့်အနေဖြင့် သံဝရပျို့ကို ဖွဲ့ဆိုခဲ့သည်။ စာဆိုသည် စစ်သူရဲကောင်းတို့ကို ချီးကျူးဂုဏ်ပြုလို၍ ဂမ္ဘီသာရပျို့ စာပိုဒ် ၄၂ မှာ လက်ဝဲနော်ရထာက ယင်းသို့ပုဂံခေတ် အနော်ရထာလက် ထက်မှ သူရဲကောင်းမြင်းသည်တော် လေးဦးရှိခဲ့သည်ကို နမူနာယူ၍ နောင်အစဉ်အဆက် မြင်းရည်တက် “ ရဲဘော်သင်း ” များဖွဲ့ခဲ့သည်ဟု အဆိုပြုထားပေသည်။

ထူးခြားသော အင်းဝခေတ်ပတ်ဝန်းကျင်

ထူးခြားသည်မှာ စာဆို၏ ခေတ်ပတ်ဝန်းကျင်ဖြစ်သည်။ မြန်မာသက္ကရာဇ် ၈၈၆ ခုနှစ်တွင် မိုးညှင်းစလုံသည် စစ်ကိုင်းသို့ချီလာသည်။ စစ်ကိုင်းမှသည် နောက်ဘက်တစ်လွှား မြို့ရွာများကို တိုက်ခိုက် သိမ်းယူပြီးလျှင် သရက်တိုင်အောင်ချီသည်။ မိုးညှင်းစလုံနှင့် ပြည်ဘုရင်သတိုးမင်းစောတို့၏ချစ်ကြည်နားလည်မှုယူပြီး ပြည်ဘုရင်သတိုးမင်းစောက ရေကြောင်း၊ မိုးညှင်းစလုံက ကြည်းကြောင်း၊ စစ်ကြောင်းနှစ်ကြောင်းညှပ်၍ အင်းဝသို့ ချီတက်လ်ုပ်ကြံသည်။

မိုးညှင်းစလုံ၏သား သိုဟန်ဘွားနှင့် ဘယကျော်သူ ရင်ဆိုင်တိုက်ပွဲတွင် ဘယကျော်သူသေနတ်သင့်၍ ဆင်ဦးစီးကင်းတွင်ပင် ကျဆုံးခဲ့ရရှာပေသည်။ ဘယကျော်သူကား စာဆိုရှင် အဂ္ဂသမာဓိ၏ ကျေးဇူးရှင်ဖခင်ပင်တည်း။ နတ်မောက်မြို့စားဖြစ်ပြီး ပုဂံအဆက်အနွယ်ဖြစ်ပေသည်။ ဘိုးဘေးတို့မှာလည်း မှူးမတ်တို့၏ အဆောင်အယောင်၊ အစီးအနင်းတို့ဖြင့် စံစားကျော်ကြားခဲ့သော မှူးကောင်း မတ်ကောင်းများဖြစ်ပေသည်။ နတ်မောက်မြို့စားကြီးသည် တောင်တွင်းကြီးတိုက်ပွဲတွင် လက်ရုံးရည်အစွမ်းပြခဲ့သဖြင့် ဘယကျော်သူဘွဲ့ကို ချီးမြှင့်ခြင်းခံခဲ့ရပေသည်။

သားကောင်းဖြစ်လိုသူရှင်အဂ္ဂသမာဓိ

ရှင်အဂ္ဂသမာဓိသည် ဖခင်ဖြစ်သူကို လွန်စွာကြည်ညိုလေးစားသူဖြစ်ပေသည်။ ဖခင်က လက်ရုံးရည်တိုက်ပွဲကောင်းများအကြောင်း ပြောပြမှုကို ငယ်စဉ်ကပင် စိတ်ရွှင်လန်းအားရစွာ နားထောင် ကြားယောင်ခဲ့ရပေသည်။ ခမည်းတော်၏ သူရသတ္တိအစွမ်းကို အံ့မခန်းဖြစ်ခဲ့ရသလို သားစာဆိုရှင်၏ ကဗျာ လင်္ကာများကိုလည်း ဖခင်ဖြစ်သူက သဘောကျနှစ်ခြိုက်ခဲ့ပေသည်။ စာဆိုမှာ သူရဲကောင်းဖခင်၏ တိုက်ပွဲ များအကြောင်း စစ်ဝေါဟာရအသုံးအနှုန်းတို့ကိုပါ အကျွမ်းဝင်နားရည်ဝခဲ့ဟန်တူပေသည်။ ထို့ကြောင့် စာဆိုရှင်၏ ပျို့ကဗျာများတွင် ခေတ်ပတ်ဝန်းကျင် စစ်ဓလေ့များ ရိုက်ခတ်လှုပ်ရှား စိမ့်ဝင်လျက်ရှိပေသည်။

ထိုသို့ကြည်ညိုလေးစားရသော ခမည်းတော်မင်းသူရဲကောင်းကြီး ကျဆုံးခဲ့ရသည့်အပြင် စာဆိုရှင် ကိုယ်တိုင်မှာလည်း မြေဒူးမြို့သို့ အပို့ခံပင့်ဆောင်ခြင်းခံခဲ့ရရှာပေသည်။ မြေဒူးမြို့မှာ သီတင်းသုံးနေရစဉ် စွယ်စုံပညာရှင် ယွန်းဆရာတော်သူမြတ်နှင့် ဖူးတွေ့ခွင့်ကြုံခဲ့ရပေသည်။

ယွန်းဆရာတော်ကလည်း ရှင်အဂ္ဂသမာဓိ၏ ကဗျာဥာဏ်ရည်ကို တန်ဖိုးထားလေးစား၍ သုဝဏ္ဏသာမဇာတ်တော်ကို လင်္ကာဖွဲ့ဆိုရန် တိုက်တွန်းခဲ့ပေသည်။ ရှင်အဂ္ဂသမာဓိသည် တပည့်တပန်းများကို စာသင်ကြားပို့ချရင်း အားလပ်သည့်အချိန်မှာ သုဝဏ္ဏသာမဇာတ်ကို သုံးခန်းခွဲ၍ “ သူဌေးခန်း၊ မြားမှန်ခန်း၊ သစ္စာခန်း ” ဟူ၍ သမိုင်းဝင်လင်္ကာတင် ဖွဲ့ဆိုခဲ့ပေသည်။

ဤသို့ဖြင့် စာဆိုသည် သူရဲကောင်းဖခင်ကို ကြည်ညိုရင်းရှိသည်နှင့်အညီ လင်္ကာဖွဲ့သီရာတွင် ဖခင် ၏ စစ်သူရဲကောင်းဘ၀နှင့်ယှဉ်လျက် စစ်သည်ရဲမက်တို့၏ဘ၀အကြောင်းကို တစေ့တစောင်းထည့်သွင်း ရေးသားခဲ့ဟန်တူပေသည်။ မိမိသည်ဖခင်၏စကားကို ကြည်ညိုလေးစားလိုက်နာသလိုဖခင်ကိုတန်ဖိုးထား၍ သားကောင်းဖခင်စာဆိုရှင်ဖြစ်လိုဟန်တူသည်။

မိမိခေတ်ပတ်ဝန်းကျင်မှာမူ မိုးညှင်းစလုံ၏သား သိုဟန်ဘွားသည် ရိုင်းပျဆိုးရွားလွန်းပေသည်။ အမျိုးဘာသာသာသနာပပျောက်သည်အထိ ဘုရား၊ ကျောင်း၊ ကန်များကို တူးဖြိုဖျက်ဆီးပစ်ခဲ့သည်။ သာသနာရဟန်းတော်များကို စော်ကားခဲ့သည်။ ရာဇ၀င်ရိုင်းအောင် ဖခင်၏စကားကိုဖယ်ရှားကာ မြန်မာ နိုင်ငံတော်ကြီးပျက်စီးပြိုကွဲလုနီးပါး ဖျက်ဆီးစေခဲ့သည်။

မိမိ၏ဖခင်သူရဲကောင်းကို ကျေးဇူးဆပ်ဂုဏ်ပြုရာရောက်သလို ဖခင်ကိုပြစ်မှားသူ သိုဟန်ဘွားကို လည်း သတိတရားသံဝေဂရစေရန်ရည်သန်၍ သုဝဏ္ဏသာမဇာတ်တော်ကြီးကိုပင် တမင်ရွေးချယ်ဖွဲ့ဆိုခဲ့ဟန် တူပေသည်။

ရဲဘော်၏ ဝေါဟာရအစ

ဤတွင် မိခင်ဖခင်တို့အား လုပ်ကျွေးပြုစုခဲ့သည့် သုဝဏ္ဏသာမဇာတ်တော်ကြီးကို သုဝဏ္ဏသျှံသူဌေး ခန်းတွင် မြတ်စွာဘုရားသခင်လက်ထက်တော်၌မိဘကိုရိုသေလုပ်ကျွေးသောသူဌေးသားရဟန်းအကြောင်းကို အကျယ်တ၀င့်ဖွဲ့ဆိုထားပေသည်။

ဇာတ်ကြောင်းမှာ မိဘကိုစွန့်ပစ်၍ ရဟန်းပြုခဲ့သော သူဌေးသားသည် မိဘများ ဆင်းရဲနွမ်းပါးသွား သောအခါ သတိသံဝေဂရပြီး ရဟန်းဘ၀နှင့်ပင် ဆွမ်းခံလုပ်ကျွေးပြုစုသော အဖြစ်အပျက်ကို အခြေခံဖွဲ့ဆို ထားသည်။ ဤတွင် စာဆိုရှင်က စစ်သည်ရဲမက်ဘ၀ကို အားကျကြည်ညိုသူပီပီ မိဘတည်းဟူသော စစ်ပွဲ ကြီးတစ်ပွဲကို ၀င်ရောက်ဆင်နွှဲသည့်ပုံစံဖြင့် အကျယ်တ၀င့်ဖွင့်ဆိုလိုပေသည်။

ဤတွင် ရဲဘော်ဝေါဟာရကို စတင်တွေ့မြင်ရပေသည်။ ပစ္စည်းဥစ္စာကုန်ခန်းနေသော မိဘစစ်ပွဲကြီး ကို သူဌေးသားရဟန်းဖြစ်သူ ရဲဘော်က ရဲရဲရင့်ရင့်တိုက်ပွဲဝင်လုပ်ကျွေးပြုစုသော သဘောအဓိပ္ပာယ်ရောက် အောင် စွမ်းဆောင်ရေးဖွဲ့ထားပေသည်။ ဖခင်သူရဲကောင်းကြီး ဘယကျော်သူကို လေးစားအမှတ်ရဂုဏ်ပြု သည့်အနေဖြင့် စစ်ပွဲတစ်ပွဲဆင်နွှဲသည့်ပုံစံဖြင့် အပြည့်အ၀ရေြးုပထားပေသည်။ သုဝဏ္ဏသျှံ၊ သူဌေးခန်း၊ စာပိုဒ် ၆၅ မှာ အောက်ပါအတိုင်းဖော်ပြထားပေသည်-

“ သင်္ဃရာဇာ၊ သည်သာတစ်ဆူ၊ ဘုရားဟူသား၊ မောက်လှဦးခေါင်း၊ ဆောင်းလတ်ထုံသော်၊ သင်္ဃာတော်တို့၊ ရှင်ကျော်မိန်ညို၊ ၀တ်သားကိုယ်ဖြင့်၊ မူလိုယောက်ျား၊ တရားလည်တွေး၊ စွတ်စွတ်စွေးမျှ၊ ခွင့်ရေးသီလှ၊ ၀ီရိယတု၊ နားဂစွယ်စုံ၊ စီးလေထုံသော်၊ ချမ်းလုံဗြဟ္မစိုရ်ရ၊ ဓမ္မလည်းကောင်း၊ လွှားကာကောင်းဖြင့်၊ ရဲကြောင်းဖွင့်လှစ်၊ ခုနစ်ဗောဇ္ဈင်၊ လှည်းပေါင်းတင်လျက်၊ မြဲပင်မကွာ၊ ကရုဏာထား၊ စိမ်းဝါညိုညို၊ ဒေါင်းမိုးလူလူ၊ ရန်သူကြောက်ရွံ့၊ ဂရုဓံငါးပါး၊ အသွားသုံးဖက်၊ ရွှေသန်လျက်ကို၊ ဧကဂ္ဂတာ၊ သေချာအပ်ဘိ၊ ကတိဖွေးဖွေး၊ စစ်လေးဖြူးဖြူ၊ သောက်ရှူးကြည်ဟန်၊ ရဲတံခွန်နှင့်၊ ရဲမွန်လှံထောင်၊ အရဲခေါင်သား၊ ဆွေအောင်ရှင်နည်း၊ တစ်စည်းတည်းလျှင်၊ ပစ္စည်းကုန်လစ်၊ မိဘစစ်ကို ၊ ဆုတ်နှစ်ဖဲဖဲ၊ ရဲဘော်မသွေ၊ ရဲလေသောအား၊ သေထုံငြားလည်း၊ လေးပါးအပ္ပါယ်၊ မငြိတွယ်လျှင်၊ ခြောက်သွယ်နတ်ပြည်၊ တက်လိမ့်မည်တည်း၊ မြရည်မင်းချေ၊ ပြုပစေဟု၊ ဆိုတွေမောက်မာ၊ နောင်သညာနှင့်၊ သဒ္ဒါသီလ၊ ရဲမုန်ကျ၍၊ ညာဏာဂမ္ဘီ၊ ရဲစစ်ချီက၊ ပါရမီထုတ်တောင်း၊ ရဲတင်းဆော်သည်၊ သူတော်ကိုယ်ကျစွမ်းရဲတည်း ”

အထက်ပါအတိုင်း သူဌေးသားရဟန်းကို စစ်ဝတ်တန်ဆာလွှမ်းကာ မောက်လူမင်းညို၊ ဗာလည်ကွေး၊ လွှား၊ ကာ၊ တောင်းတို့ဖြင့် လက်နက်ကိုယ်စီကိုင်လျက် ဆင်၊ မြင်း၊ ရထား၊ ခြေသည် စစ် အင်္ဂါလေးပါးပြည့်စုံစွာ ဒေါင်းမိုးအလံလွှင့်ထူပြီး သန်လျက်၊ စစ်တလေး၊ ရဲတံခွန်၊ စစ်အဆောင်အယောင်၊ စစ်အသုံးအဆောင်အပြည့်တပ်ဆင်လျက် မိဘစစ်ပွဲကြီးသို့ စစ်ထွက်ပွဲဆင်နွှဲပုံကို ဖွဲ့ဆိုပြထားပေသည်။ ။

တက္ကသိုလ် တင်ခ 

No comments:
Write comments