Skip to main content

Salai Za Lian: ဆူးအဆိပ်ပြင်းပေမဲ့ ရနံ့သင်းသောသူ

ဆလိုင်းဇာလျန်း - ဆူးအဆိပ်ပြင်းပေမဲ့
ရနံ့ သင်းသောသူ
“ ဟား.. ဘယ်လိုဖြစ်လို့ အမျိုးသားအိမ်သာထဲကို အမျိုးသမီးကြီး တယောက် ရောက်နေရတာတုံး” ဟု ကျနော်အထိတ်တလန့် ဖြစ်သွားသည်။
အသေအချာပါပဲ အမျိုးသား နှစ်လုံးတွဲ အိမ်သာနှင့် ရေချိုးခန်း ရှေ့တည့်တည့်တွင် လူခန္တာကိုယ်တ၀က် ထင်ထင်ရှားရှားကြည့်နိုင်အောင် မှန်တချပ် ချိတ်ထားသည်။ ထိုမှန်ရှေ့ တည့်တည့်တွင် ခေါင်းဖီးနေသည့် အသားညိုညိနှင့် အမျိုးသမီးကြီးတဦး။
ကျနော်တက္ကသိုလ်ကျောင်းသားဘ၀က မာလာမှတ်တိုင်ရှေ့ ရှိ “ယုဒဿန်ရိပ်သာ” တွင်၊ ရိပ်သာတာဝန်ခံ ဆရာဦးပေါလု၏ မေတ္တာရပ်ခံ တိုက်တွန်းချက်အရ နံနက်တိုင်း အိမ်သာများကို ကျနော်ဆေးကြောရသည်။ ကုသိုလ်ယူသည်ပဲပြောပြော ပထမတော့ သိပ်ပြီးဘ၀င်မကျလှ ရှက်သလိုလို ရွံ့ သလိုလို။
ဆရာဦးပေါလုက “ မင်းအိမ်သာဆေးပြီး ကုသိုလ်ယူတာ၊ ဒါရှက်စရာမဟုတ်ပါဘူးကွ။ အစေခံခြင်းတမျိုးပဲ သူတပါးနိမ့်ကျတယ်လို့ ထင်ပြီး မလုပ်တဲ့ အလုပ်ကို ကိုယ်ကစေတနာအပြည့်နဲ့ လုပ်တာကို ဘုရားအရမ်းသဘောကျတယ်။ ပြီးရင် မင်းကို ကောင်းချီးမင်္ဂလာတွေ အများကြီးပေးမှာကွ” လို့ ဆိုတတ်ပါတယ်။
ဘုရားသခင်ကောင်းချီးမင်္ဂလာတွေ ပေးတာပေးတာပါပဲ တဖက်ကရှက်တာက ရှက်တာ သက်သက် သတ်သတ်စီ တဘာသာဆီ။ မိမိကိုယ် မိမိအထင်အကြီးဆုံးအချိန် ပထမနှစ် ရန်ကုန်တက္ကသိုလ် ဥပဒေကျောင်းသားဆိုပြီး မာန်ဟန်တွေ တင်းထားလိုက်တာ ခုတော့ ငါ… အိမ်သာဆေးရလေခြင်း ဆိုပြီး စိတ်သောက အတော်ရောက်ခဲ့သောကာလ ၁၉၉၁ ခုနှစ်၏ နောက်ဆုံးသောလကာလ၀န်းကျင်။
ရိပ်သာမှုးဆရာ ဦးစောပုကို မလွန်ဆန်နိုင်တာရယ် နေ့စဉ် သူဝယ်ကျွေးသော မုန့်ဟင်းခါး၊ ဘယာကြော်၊ လက်ဖက်ရည်တွေရဲ့ မျက်နှာလည်းပါတာကိုး။ ကျနော် အသက် ၂၁ နှစ်အရွယ်။
တကယ် ကျနော့်ရဲ့အဆောင်က ရွှေဘိုဆောင်ပါ။ ကရင်တိုင်းရင်းသားတဦး၊ ပြီးတော့ ဂျက်ဆင်ခရစ်ယာန်ဘုရားကျောင်းကြီးရယ၊် ယုဒဿန်ရိပ်သာရယ်တို့ကို ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀ တလျောက်လုံး ခင်မင်တွယ်တာစွာဖြင့် နေထိုင် စတည်းချခဲ့သည်။
ဒီယုဒဿန်ဝင်းထဲမှာက ၁၉၉၁ ခုနှစ် ကာလ ပတ်ဝန်းကျင်အထိ အဆောက်အဦက နှစ်လုံးသာရှိသေးသည်။ ခရစ်ယာန်တက္ကသိုလ်ကျောင်းသားများ၏ရိပ်သာဆိုပြီး သတ်မှတ်ထားသော ယုဒဿန်ရိပ်သာရယ်၊ ပြီးတော့ အဲဒီအဆောက်အဦးရဲ့ အနောက်တည့်တည့်မှာ “လှဘူး” ခန်းမဆို ပြီး နှစ်လုံးပါ။ ရန်ကုန်တက္ကသိုလ်၏ ပါမောက္ခကြီးတဦးဖြစ်ခဲ့သူ ဒေါက်တာစည်သူလှဘူးကို ဂုဏ်ပြုပြီး ထိုအဆောက်အဦကို နံမည်ပေးထားခြင်းပါ။
ကျနော့်အတွက် ယုဒဿန်ရိပ်သာထဲမှာက အိမ်သာ လေးလုံး၊ “လှဘူး” အဆောက်အဦအတွက် အိမ်သာ လေးလုံး၊ စုစုပေါင်းအိမ်သာ ရှစ်လုံး၊ နေ့စဉ် နံနက်တိုင်း ပလပ်စတဘရပ်ရှ်ရယ် အိမ်သာဆေး ပုရုတ်ရည်ပုလင်းကြီးကို ကိုင်ပြီး ဆေးကျောရပါတယ်။
တချို့ ကျောင်းသူ၊ ကျောင်းသားတွေကဆိုရင် ကျွန်တော့်ကို နှာခေါင်းရှုံ့ကြတယ် အထင်သေးကြတယ်၊ တဖြေးဖြေးနဲ့ ကျနော် သူတပါး မလုပ်ချင်သော၊ အောက်တန်းကျသည်ထင်သော အလုပ်တခုကို အစေခံခြင်းအတွက် မိမိကိုယ်ကိုမိမိ ဂုဏ်ယူတတ်လာသည်၊ တန်ဘိုးထားတတ်လာသည်။ ဆရာဦးပေါလု၏ စေတနာနှင့် ရည်ရွယ်ချက်ကို နားလည်လာသည်။
ကဲ … အဲဒါနဲ့ ... ခုန အမျိုးသားအိမ်သာထဲက ဆံရှည်အမျိုးသမီးကြီးအကြောင်း ပြန်ဆက်ရအောင်၊ မနက်ခင်း အတန်းမတက်သေးမီ ကျနော် ပုံမှန် ယုဒဿန်ရိပ်သာဝင်းထဲလာပြီး အိမ်သာတွေကို ဆေးကြောနေတုန်း “ဦးလှဘူး” အဆောက်အဦးရဲ့ အမျိုးသားအိမ်သာထဲမှာ ဒီဆံပင်ရှည်ရှည်နဲ့ အမျိုးသမီးကြီးကို တွေ့လိုက်ရတာပါပဲ။
“ဘယ်လိုလဲ ဒီအမျိုးသမီးကြီး စာမဖတ်တတ်ဘူးလား …”
ဆိုပြီး ကျနော် တ၀က်ဟထားသော တံခါးထဲကနေ ကြည့်လိုက်တော့ …
“ဟိုက် …”
အမျိုးသမီးကြီး မဟုတ်ပါ။ ဆံကေသာ ခါးဝက်ကျော်ရောက်လုနီးနီး အမျိုးသားစစ်စစ်ကြီး။ အံသြ ပြီးတော့ မယုံသင်္ကာအကြည့်နဲ့  ကျနော်ကြည့်လိုက်ပေမဲ့၊ သူက ကျနော့်ကို ခင်မင်နှစ်လိုဖွယ် ပြန်လို့ ပြုံးပြပါတယ်။
သူကလည်း မှန်ရှေ့ မှာ ဆံပင်ကိုပြေလျော့ပြီး စိတ်လိုလက်ရနဲ့ အေးအေးဆေးဆေး ဖီးသင်နေတာကိုး။ ယောက်ျားမှန်း မိန်းမမှန်း မသိ၊ မျက်နှာမြင်တော့မှ ရှင်းသွားတော့တယ်။ လူ့ရဲ့ ပုံသဏ္ဍန်ကလည်း အိန္ဒိယအနွယ်ဖွားလိုလို။ဘယ်သူဘယ်ဝါဆိုတာကိုလည်း ကျနော် မသိသေးပါ။
“ဟေး … ကိုဗစ်။ ရောက်နေတာ အတော်ကြာပြီလား။ လာ … လာ…။ ကျနော် အခန်းကိုလိုက်ပြမယ်။ ဆရာအာသာကိုလည်း အားလုံး ပြောထားပြီးပါပြီ …”
အသံကြားလို့ အနောက်ကို လှည့်ကြည့်လိုက်တော့ ကိုတင်မီ။ သူက ယုဒဿန်ရိပ်သာဝင်းထဲတွင် ရုံးဖွင့်ထားသော “ခရစ်တော်အတွက်လူငယ်”ဆိုသည့် ဘာသာရေးအဖွဲ့ မှ ၀န်ထမ်းတဦး။ ပြီးတော့ ဂီတာကို ကျွမ်းကျင်စွာ တီးခတ်တတ်သူ။
“အေး … ဟုတ်လား …။ ဒါဆိုလည်း ကောင်းတာပေါ့ကွာ” ဆိုပြီး အဆိုပါ ဆံပင်ရှည်ရှည်နှင့် ပုဂ္ဂိုလ်က မှန်အရှေ့ ဘက်မှ အပြင်သို့ ထွက်ပြီး ပြုံးရွှင်စွာဖြင့် ကိုတင်မီကို ပြောလိုက်သည်။
ထို့ နောက် ကိုတင်မီနှင့်အတူ အရှေ့ဘက် ယုဒဿန်ရိပ်သာ အဆောက်အဦထဲသို့ စကားတပြောပြောဖြင့် ၀င်သွားကြသည်။ “ဦးလှဘူး”အဆောက်အဦထဲမှ သူတို့နှစ်ဦး၏ကျောပြင်ကို ကျနော် ရပ်ပြီး ကြည့်နေမိသည်။ ယုဒဿန်ရိပ်သာ အဆောက်အဦထဲမှ ဆံပင်ရှည်ရှည်နှင့် လူငယ်သုံးဦးကလည်း ကိုတင်မီနှင့်အတူလမ်းလျှောက်လာသည့် ဆံပင်ရှည်ရှည်နှင့်ထိုပုဂ္ဂိုလ်ကြီးကို လေးလေးစားစား အမူအယာဖြင့် နှုတ်ဆက်ကြပြီး ၎င်းနှင့်အတူ အခန်းတခန်းထဲသို့ အတူဝင်သွားကြသည်။
ကျွန်တော့်ခန့်မှန်းချက်အရ ထိုဆံရှည်ကိုယ်တော်ကြီးသည် အသက် ၄၅ နှစ်ခန့်ရှိပေလိမ့်မည်။ ထိုပုဂ္ဂိုလ် မည်သူမည်ဝါဖြစ်သည်ကို ကျနော် အလွန်သိချင်လာသောကြောင့်၊ အတန်းကို နေ့ တ၀က်သာ တက်ပြီး ကိုတင်မီရှိရာ ၎င်း၏ရုံးခန်းတွင်းသို့ဝင်ကာ …
“ကိုတင်မီ … မနက်တုန်းက ဆံပင်ရှည်ရှည်နဲ့လူက ဘယ်သူလဲဗျ… ”
ဟု မေးလိုက်တော့ သူက …
“ကိုဗစ်လေ။ ဗစ်တာလေကွာ”
ကျနော်က
“ဘယ်က..ဗစ်တာလဲ”
ဟု ဆက်မေးတော့
“သြော်… မင်းက ကိုဗစ်ဆိုတာကို မသိရင်၊ “ဆလိုင်းဇာလျန်း” ဆိုတာ မကြားဖူးဘူးလား”
လို့ ပြန်ဖြေပါတယ်။
“ဟား … ကြားဘူးတာပေါ့။ ဒီလောက် နံမည်ကြီး ဂီတာသမား။ ပြီးတော့ တေးရေးဆရာလည်း ဟုတ် …”
အဲဒီအခါကျမှသာ ဦးဆံရှည်ကြီးကို ကျနော် ဘယ်သူဘယ်ဝါမှန်း ထင်းကနဲ သိလိုက်ရသည်။နောက်တနေ့ နံနက်စောစော …
ကျနော်အိပ်တတ်သည့် ယုဒဿန်ရိပ်သာရှိ အခန်းကျဉ်းကလေးကို တစုံတယောက် တံခါးလာခေါက်သည့်အသံကို ကျနော် ကြားလိုက်ရပြီး၊ အိပ်မှုံစုံမွှားဖြင့် ကျနော် တံခါး ထ ဖွင့်ကြည့်လိုက်တော့ …
“အလို… ဦးဆံရှည် သို့မဟုတ် ဦးဇာလျန်းကြီးပါလား”
နံနက် ၇ နာရီက ကျနော်အတွက် အိပ်ကောင်းဆဲအချိန်။ အစောကြီး သူက အနွေးထည် အထူကြီးကိုဝတ်လို့။ ဒီကိုတောင် ရောက်နေပြီပဲ။
နယ်ကလူတွေအဖို့ရန်ကုန်ဆောင်းဟာ ဘယ်လိုမှ ဆောင်းနဲ့ မတူအောင် ပူနွေးနေတတ်ပါတယ်။ ဒါပေမဲ့ ရန်ကုန်မှာ အနေကြာလာခဲ့ရင်၊ ရန်ကုန်ဆောင်းလည်း ဆောင်းနဲ့ တူလာသလိုပဲ။
ဒါကြောင့်ပဲဖြစ်မယ် ထင်တယ်။ ချင်းအမျိုးးသားကြီး ဦးဇာလျန်းတယောက် ရန်ကုန်ရဲ့ ဒီဇင်ဘာနံနက်ခင်းမှာ အနွေးထည်ထူထူကြီးဝတ်လို့။
“အယ်စိုးလား …။ တင်မီမှာထားလို့၊ သင်တန်းလုပ်မယ့် ဟိုအခန်းကို သော့ဖွင့်ပေးဖို့ လာနှိုးတာပါ။ အိပ်ရေး မ၀သေးဘူး ထင်တယ်”
ဆိုပြီး ပြုံးပြုံးရွှင်ရွှင်၊ ပြီးတော့လည်း တည်တည်ငြိမ်ငြိမ်လေး စကားဆိုပါတယ်။
အဲဒါနဲ့ ကျနော်လည်း ဦးဇာလျန်းတယောက် ဂီတာသင်တန်းလုပ်မယ့်အခန်းကို သော့သွားပြီး ဖွင့်ပေးလိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဂျပ်ဆင်ဘုရားကျောင်း သင်းအုပ်ဆရာ ဦးအာသာကိုလေး၏ သား၊ ကိုညီညီသည် ဦးဇာလျန်း၏တပည့်ရင်း ဖြစ်ပါသည်။
ဒါကြောင့်လည်း ဒီယုဒဿန်ရိပ်သာမှာ ဦးဇာလျန်း ဂီတာသင်တန်း ဖွင့်ခွင့် ရရှိခြင်းပါ။ ကိုညီညီကလည်း သူ့ဆရာဦးဇာလျန်းကို အလွန်လေးစားချစ်ခင်ပုံရသည်။ ဘာပဲပြောပြော သူတို့တတွေရဲ့ ဂီတာသင်တန်းကို ကျနော် အိမ်သာဆေး၊ သန့်ရှင်းရေးတွေလုပ်နေရင်း၊ မလှမ်းမကမ်းကနေ လေ့လာကြည့်စမြဲပါ။
ဂီတာသင်တန်းသားတွေကလည်း အတော့်ကို စုံလင်ပါတယ်။ အထက်တန်းကျောင်းသား၊ တက္ကသိုလ်ကျောင်းသား၊ ဘာကျောင်းမှ မတက်ဘဲ ဒီအတိုင်း အိမ်မှာနေပြီး ဂီတာတီးနေသည့်သူများ၊ နယ်မှ အဆောင်နေကျောင်းသားတွေ။
ထူးခြားတာက ဦးဇာလျန်းတယောက် ဂီတာကိုသိပ်တီးပြတာ မတွေ့ ရဘဲ၊ တပည့်ဖြစ်သူတွေ တီးပြတာကို သူက နားထောင်ပါတယ်။ ဂီတာကို တခါတလေကိုင်ရင်တောင်မှ ခဏလေးပဲ။ ပြီးတော့ စကားပဲ ပြောနေတာ မြင်ရတယ်။ သူပြောနေတာကိုလည်း တပည့်ဖြစ်သူတွေက တလေးတစား နားထောင်နေတတ်စမြဲ။
တနေ့တော့ ကျနော်ရှိရာ ယုဒဿန်ရိပ်သာကို အမြဲဝင်ထွက် သွားလာနေတတ်သူ တေးရေး ကိုညီညီသွင်ရောက်လာပြီး …
“ဟေ့ကောင် … ကိုဗစ် ဒီမှာဂီတာသင်တန်း လာဖွင့်နေတယ်ကွ။ အဲဒါ မင်းအတွက် အခွင့်အရေးပဲ။ သူ့ ဆီက ပညာတွေရအောင် ယူထား”
လို့ ဆိုလာပါတယ်။
သီချင်းတွေဆိုတာက ကျနော် ရင်းရင်းနှီးနှီး နားထောင်တတ်ပေမဲ့ ဒီ ဂီတာတီးရမယ့် ကိစ္စကြီးကတော့ တစိမ်းဆန်လှပါတယ်။ ခက်ခက်ခဲခဲကြီး သင်ကြားရမယ့်ကိစ္စလို့ အစကတည်းက ထင်မှတ်ထားခဲ့တာကိုး။ ဘုရားကျောင်းက ကျနော်ရဲ့ မိတ်ဆွေတွေ ဂီတာ တဒေါင်ဒေါင် တီးခတ်နေပေမဲ့ ကျနော်က မတီးတတ်သေးဘူး။ အဆောင်နေဖော် သူငယ်ချင်းတွေကလည်း
“မင်း… ခရစ်ယာန် ဖြစ်ပြီး ဂီတာမတီးတတ်ဘူးလား”
လို့ ခဏခဏ ပြောတာကို ခံနေရတာလည်း ကြာနေပြီ။ ကိုယ်က ဘာမှ ပြန်ပြီး မပြောနိုင်ခဲ့။ ဘာကြောင့်လည်းဆိုတော့ ဒီအသက်အရွယ်ထိ ဂီတာကို မတီးတတ်သေး။ အခုလို ဂီတရပ်ဝန်းမှာ အတိုင်းအတာတခုအရ နေရာယူထားသော ကိုညီညီသွင်ကိုယ်တိုင်က ဒီလိုအကြံပေးလာတော့၊ ကျနော် ဦးဇာလျန်းဆီက ဂီတာတီးခြင်းအတတ်ပညာကို သင်ယူဖို့ မဟာဆုံးဖြတ်ချက်ကြီးကို ချလိုက်ပါတော့သည်။
အမှန်ပါ ကိုညီညီသွင်ကိုယ်တိုင်ကလည်း ဦးဇာလျန်းရဲ့ရှေ့ကို ရောက်သွားရင် မြန်မာပုံပြင်တွေထဲက ဒိဿာပါမောက္ခကြီးရဲ့ ခြေသုတ်ပုဆိုးမြွေစွယ်ကျိုး တပည့်တဦးလို ငြိမ်ပြီး ဦးဇာလျန်းပြောတာကို တလေးတစား နားထောင်တတ်သူ။
သူက တခါထပ်ပြီး …
“မြန်မာနိုင်ငံမှာ ဂီတာတီးတတ်တဲ့သူတွေ အများကြီးရှိပေမဲ့၊ ကိုဗစ်လိုလူမျိုးက တယောက်ထဲရှိတာ။ ဂီတာပညာကို နက်နက်ရှိုင်းရှိုင်းကြီးကို သိတာ။ ငါတို့နိုင်ငံထဲက ဂီတာသမားကြီးတွေစုပြီး လေယာဉ်ပျံတစင်းနဲ့ ခေါ်တင်သွား၊ ပြီးတော့ တနိုင်ငံဝင် တနိုင်ငံထွက် လိုက်ပြီးတီးတယ် ဆိုပါစို့။ ပထမ အရှေ့ တောင်အာရှနိုင်ငံတွေ၊ ပြီးတော့ အာရှတခွင်လုံး၊ နောက် အာဖရိက၊ နောက် ဥရောပပေါ့ကွာ။ တို့မြန်မာနိုင်ငံက တော်တော်များများ ဂီတာသမားတွေက အရှေ့တောင်အာရှနဲ့ အာရှနိုင်ငံတွေအထိ၊ အဲဒီနိုင်ငံက ဂီတာသမားတွေနဲ့ ယှဉ်ပြီးတီးခတ်နိုင်ကြပေမဲ့၊ အာဖရိက၊ ဥရောပနဲ့ အနောက်နိုင်ငံက ဂီတာသမားတွေနဲ့ တို့နိုင်ငံက ဂီတာသမားတွေ ယှဉ်ပြီး တီးခတ်နိုင်ကြမှာ မဟုတ်ဘူးကွ။ အဲဒီအချိန်မှာ ကိုဗစ်ကြီးတယောက်ပဲ လေယာဉ်ပျံပေါ်က ဆင်းပြီး ဆက်တီးနေရဦးမှာကွ”
လို့ ကျနော့်ကို ဥပမာပေး ပြောပြခဲ့ဘူးသည်။
ဒီလိုနဲ့ ကျနော်လည်း တမနက်တော့ ဦးဇာလျန်း သင်တန်းပေးနေသည့် အခန်းထဲဝင်သွားပြီး
“ဆရာ… ကျနော် ဂီတာတီးသင်ချင်လို့ ပါ”
ဟု သူ့ ကို လေးလေးစားစား ပြောလိုက်ရင်း၊ ၎င်း၏ တပည့်တဦးအဖြစ်ခံယူဖို့  မိမိကိုယ်ကို လုံးလုံးလျားလျား ၎င်းထံ ပုံအပ်ပစ်လိုက်ပါတော့သည်။
“မင်း ဂီတာ တီးဖူးသလား ”
“ဟုတ်ကဲ့။ ကျနော် တခါမှ ဂီတာ မတီးဖူးပါဘူး ခင်ဗျား”
လို့ ကျနော်က ပြောတော့ သူက ပြုံးပြီး
“ဟား … အဲဒါ အကောင်းဆုံးပေါ့။ အခြေခံကနေ စ သင်ရတာပေါ့။ဂီတာရောရှိလား …”
လို့ ကျနော့်ကို ထပ်မေးတော့
“မရှိပါဘူး ခင်ဗျား”
လို့ ကျနော်က ဂီတာ မရှိကြောင်း ပြောရပါတယ်။
“ဒါဆိုလည်း….ကိစ္စမရှိပါဘူးကွာ။ ငါ သင်တန်းမှာ သုံးတဲ့ ဂီတာကို ဒီအခန်းထဲမှာ ထားခဲ့မယ်။ အဲ့ဒါနဲ့ လေ့ကျင့်ကွာ”
ဆိုပြီး ရက်ရက်ရောရော လိုလိုလားလား တပည့်တယောက်အဖြစ် အဲ့ဒီနေ့ကစပြီး မဟာဂီတာတပည့်ကြီးအဖြစ် အသိအမှတ်ပြုလိုက်ပါတယ်။
သင်တန်းကြေးက ဘယ်လောက်၊ စာအုပ်စာတမ်းကြေးက ဘယ်လို ပေးရမယ်ဆိုတာ ကျနော့်ကို လုံးဝ မပြောခဲ့ပါ။ သူ့ အား ဥာဏ်ပူဇော်ခအဖြစ် ဘယ်လောက်ပေးရမယ်ဆိုတာ ကျနော့်ကို မည်သည့်အခါမျှ ဦးဇာလျန်းတယောက် တောင်းခံခဲ့ခြင်း မရှိပါ။
လက်ဖက်ရည်သောက်ချင်လျှင် သူ့ရှိက ကျနော့်အတွက် ပေးပေးကာ၊
အိမ်မှ ငွေပို့သောအခါ၌ သူ့အား ကျနော် လက်ဖက်ရည်တိုက်သည်။ တခါတရံ သူ့အား စာအိတ်အဖြူထဲတွင် လေးဆယ့်ငါးကျပ်တန် နှစ်ရွက် သို့မဟုတ် ထိုစဉ်က ကိုးဆယ်တန် တရွက်လောက်ကို ပေးနိုင်ခဲ့သည်။ လစဉ်လည်း မပေးနိုင်။ သူသည် ကျနော့်အား တကြိမ်မှ တောင်းခံခဲ့ခြင်း မရှိပါ။
ဤသို့ဖြင့် ကျနော်နှင့် ဦးဇာလျန်းတို့ နှစ်ဦး ဂီတခရီးရှည်ကြီးကို စတင်ကာ အတူလျှောက်လှမ်းခဲ့ကြပါသည်။ ဂီတာကြိုးကို တချောင်းချင်းစီညှိကာ အသံကို နားထောင်ခြင်း၊ ပြီးတော့ “Pucca” ဆိုသော နိုင်ငံတကာ ဂီတသံစဉ် သင်္ကေတများကို ဖတ်ရခြင်း၊ ဂီတကို လက်ခတ်ဖြင့် တီးခတ်တိုင်း ဘယ်ခြေထောက်ဖြင့် တိုင်ပင်ကို ယူရသည်။ လွန်စွာ ကျနော့်အတွက် အဆင်ပြေမှု မရှိသောကိစ္စများပါ။
လက်ခတ်ဖြင့် ဂီတာကြိုးကို “တင်း ... တောင်” ဆိုပြီး တီးခတ်လိုက်တိုင်း၊ ဘယ်ခြေထောက်က “ ချပ် …ချပ်” ပေါ့။
သူက
“အဲဒါ..တိုင်ပင်လို့ ခေါ်တယ်ကွ။ ဒီတိုင်ပင်ကို မင်း မနိုင်ရင် အရှေ့ကို ဘယ်လိုမှသွားလို့ မရဘူး”
ဟု အလေးအနက်ကို ပြောပါသည်။
ခက်ပြီ။ ကိုယ်က အခုလက်ငင်း သူများတွေလို သီချင်းကို ချက်ခြင်းကြီးကို တီးချင်နေပြီ။ အခုတော့ ငါ့ကို ဂီတာကြိုးတချောင်းချင်းစီ စ ညှိခိုင်း၊ တီးခိုင်းပြန်တော့လည်း ဖြေးဖြေးချင်း၊ ခြေထောက်ကလည်း ခတ်ရသေး၊ တယ် မလွယ်တဲ့ ကိစ္စပါလား ဆိုပြီး စိတ် အတော်ပျက်သွားပါတယ်။
တခါ ကျနော့်ရဲ့ ဂီတာပါမောက္ခကြီးက
“ဂီတာကိုလေ့ကျင့်ရင် ဘယ်သူမှမနိုးသေးတဲ့ မနက်အစောကြီးမှာကျင့်ကွ။ ငှက်တွေတောင် မနိုးသေးတဲ့အချိန်ဟာ အကောင်းဆုံးသောဂီတာလေ့ကျင့်ချိန်”
ဆိုပြီး အကြံဉာဏ်ပေးလာပြန်ပါတယ်။ အနည်းဆုံး ကျနော်က မနက် ၈ နာရီ လောက်မှ အိပ်ယာက ထတတ်သူ။ သမိုင်းဝင်းထဲတွင်နေသော ဦးဇာလျန်းက မနက် ၇ နာရီပင် မထိုးသေး၊ ယုဒဿန်ရိပ်သာကိုရောက်နေပြီး၊ အခန်းထဲတွင် အိပ်နေသည့် ကျနော့်ကို ညင်သာစွာနှိုးပြီး
“ဟေ့ … အယ်စိုး ထတော့လေ။ လုပ်စမ်းပါ … ဂီတာတီးဦး”
လို့ အမြဲပဲပြုံးလို့ ကျနော့်ကို မေတ္တာရပ်ခံရသည့် အကြိမ်ပေါင်းကလည်း မနည်းတော့။
ကျောင်းက ဥပဒေ ပုဒ်ထီး၊ ပုဒ်မစာတွေက တဖက်။ ဒီ “တင်း … တောင် …၊ တင်း … တောင်” နဲ့  ဂီတာလေ့ကျင့်ခန်းကလည်း ရှေ့ ကိုမတက်နိုင်သေး။ စိတ်ကလည်း ညစ်လာပြီ။
သုံးလကျော်လို့ လေးလ နီးပါး သင်တန်းကာလသာ ကြာသွားတယ်။ ကျနော်တယောက် ဒီ “တင်း… တောင် … တင်း ... တောင်” က တကယ်ကို မတက်နိုင်သေး။
သူငယ်ချင်းတွေက “ဟာ ... ဒီကောင် ဦးဇာလျန်းဆီမှာ ဂီတာတီးသင်နေတယ်ကွ …” ဆိုပြီး အထင်ကြီးနေ။ ကျနော်ကလည်း အိမ်ကအမေပို့ပေးသော ကျောင်းစရိတ်ထဲမှ ငွေဖြင့် မျက်စိစုံမှိတ်ကာ ၀ယ်ထားသော ဂီတာကြီးကိုထမ်းပြီး ရွှေဘိုဆောင်၊ ယုဒဿန်ရိပ်သာ၊ ဂျပ်ဆင်ဘုရားကျောင်းတွေကို လမ်းသလားနေ။ တခါ လွယ်အိတ်ထဲမှာလည်း နိုင်ငံတကာပဲတီပင်ပေါက် သံစဉ်စာအုပ်ကြီးနဲ့ ဆိုတော့၊ ဘယ်သူက အထင်မကြီးဘဲ ခံနိုင်မှာတုန်း။
လူကလည်း မနက်မိုးလင်းပြီဆိုတာနဲ့ အဆောင်မှာပဲဖြစ်ဖြစ်၊ ယုဒဿန်ရိပ်သာဝင်းထဲမှာပဲ ဖြစ်ဖြစ်၊ လူခြေတိတ်သော ဂျပ်ဆင်ဘုရားကျောင်းကြီးထဲမကျန်၊ ဒီ “တင်း … တောင် … တင်း ... တောင်”၊ ခြေထောက်ကလည်း “ ချပ်… ချပ် ... ချပ် ... ချပ်” လို့၊ သံစဉ်က ယူလိုက်သေး။
အဲဒီနေရာမှာကျတော့ ဘယ်လောက်ပဲ ဆရာသမားကောင်းကောင်း၊ ဘုရားပေးသည့်ဆုကျေးဇူး (သို့ မဟုတ်) ပါရမီအရာကို ကျနော် အပြည့်အ၀ ယုံကြည်လိုက်ပါသည်။ ဘုရားသခင်သည် ကျနော့်အား ဂီတနှင့်ပက်သက်သည့် ဆုကျေးဇူးအထူးကို မအပ်နှင်းထားဘူးဟု နောက်ဆုံး မှတ်ယူလိုက်ရပါတော့သည်။
အဘယ့်ကြောင့်ဆိုသော် ကျနော်သည် ဦးဇာလျန်းပြောသည့်အတိုင်း ပုံမှန်လေ့ကျင့်သည်။ကျောင်းပိတ်သည်နှင့် နယ်စပ်၌ရှိသော မွေးရပ်မြေသို့ ပြန်သည့်အခါတိုင်း ဂီတာကြီးကို တလေးတစားယူဆောင်ကာ လေ့ကျင့်တီးခတ်မြဲ။ ခရီးတထောက်နား သည့်နေရာတွင်လည်း ဂီတာကြီးကို ထုတ်၍ တီးခတ်သည်။
အိမ်သို့ရောက်လျှင်လည်း ဆရာဦးဇာလျန်းပြောထားသည့်အတိုင်း ငှက်တွေတောင်မနိုးတတ်သေးသော နံနက်အရုဏ်ဦးတွင် လေ့ကျင့်တီးခတ်သည်။ အမေနှင့် ကျနော်၏ညီပင်လျှင် ဤ “တင်း … တောင် … တင်း ... တောင်” ဆိုသည့်အသံကို ၎င်းတို့ အိပ်ယာမှ မနိုးမီ ကြားနေရပြီး စိတ်ပျက်နေကြပေမဲ့၊ ကျနော်စိတ်မကောင်းဖြစ်သွားမှာစိုး၍ ထုတ်ဖေါ်၍ မပြောကြ။
ဘာပဲဖြစ်ဖြစ်၊ ဘယ်သူတွေ ဘာထင်ထင်၊ ကျနော်ကတော့ မနက်အစောကြီး ဖယောင်းတိုင်မီးဖြင့် ဂီတသံစဉ်စာအုပ်ကြီးကို အရှေ့ မှာထားပြီး “တင်းတောင်၊ တင်းတောင်” ပြီးတော့ “ချပ်… ချပ်… ချပ်…ချပ်”။ ရဟန်းသံဃာများပင် မြ၀တီမြို့တွင်း နံနက်အရုဏ်ဦး စီတန်းကာဆွမ်းခံမကြွသေးသည့်အချိန်။
အပိုစကားဆိုသည်ဟု မထင်လိုက်ပါနှင့် ၄ နှစ်တာကာလအတွင်း ကျနော်သည် ဂီတာတလုံးကို မကြိုက်၍ နောက်တလုံး ထပ်ဝယ်။
“ငါ ဂီတာကောင်းကောင်းမတီးတတ်တာ ဒီအသံမကောင်းတဲ့ဂီတာကြောင့်ဖြစ်မယ်”
ဆိုပြီး တလုံး အသစ်ပြန်ဝယ်။ ဒီလိုနှင့် ဂီတာ လေး လုံးသာပြောင်းပြီး တီးခတ်လေ့ကျင့်လိုက်သည်၊ သီချင်းတပုဒ်ကို တီးခတ်နိုင်သည့်အဆင့်သို့ မရောက်နိုင်တော့။ ဒီ “တင်း … တောင်။ တင်း ... တောင်” သံစဉ်သံသရာထဲ တ၀ဲလည်လည်။
“မင်းကွာ … ကိုယ် ပါရမီမပါတဲ့ကိစ္စကို ဇွတ်လုပ်နေတယ်။ ဒီဂီတာကြီးကို ထားလိုက်ပါတော့။ ဓါတ်ပုံသာ ရိုက်ပါတော့”
ဆိုပြီး ကျနော်၏ ဆရာမတဦးက ပြောရသည်အထိ ဖြစ်လာသည်။
ဂီတသင်္ကေတအချို့ကိုဖတ်၍ တတ်သွားသည့်တိုင် ဤ လေး နှစ် ကာလအတွင်း ကျနော် ရိုးသားစွာဖြင့် မရှက်မကြောက် ၀န်ခံရမည်ဆိုလျှင် “ဂီတာကော့ဒ် လေး ကော့ဒ်”ကိုပင် ကိုင်၍ မတတ်ခဲ့ပါ။
ဤသို့ ဖြင့် နောက်ဆုံး၌ ကျနော်သည် မိမိအတွက် ပါရမီ ချူချာလွန်းသည့် ဂီတာလေ့ကျင့်ခန်းကို ရပ်လိုက်ပါတော့သည်။ ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ “ဂီတကို စွန့်ခွါလိုက်သည်” ပေါ့။
ပြီးတော့ ကျနော်၏လက်ထဲ၌ ကင်မရာကို ပြောင်းကိုင်းပြီး၊ ရှုးသွပ်စွာ လူနှင့် ပတ်ဝန်းကျင်အနေအထားဘ၀တို့ကို ဒလစပ် ဓါတ်ပုံတွေ အချိန်တိုအတွင်း အများကြီး ရိုက်ပစ်လိုက်သည်။ မိမိကိုယ်ကို မိမိတွေ့ ရှိသွားခြင်းပေပဲ။ ဤကင်မရာ၌ ကျနော့်မျက်စေ့ရှိသည်။ ဤကင်မရာထဲ၌ ကျနော့်နှလုံးသား ကိန်းအောင်းနေသည်။ နေ့စဉ်ပုံရိပ်တို့၏ ရှု့ ဒေါင့်အမြင် အမျိုးမျိုးကို အသစ် အသစ်သော အသွင်ဖြင့် ကျနော်မြင်မြင်နေရသည်။
ကင်မရာကိုလွယ်၍ မြင်ကွင်းအပေါက် (View Finder) မှ လူ့လောကကြီးကို ကျနော်ကြည့်လိုက်တိုင်း ကမ္ဘာကြီးကို ကျနော်ပြောဖို့ စကားလုံးပုံရိပ်တွေက ရာထောင်ချီမက သိန်းဂဏန်းအထိ ရောက်သွားလေမလားပဲ။ ပြောလည်း ကျနော်ပြောခဲ့သည် ကျနော်ဘာလုပ်ရမလဲဆိုတာ ပြတ်သားစွာသိလိုက်ရပြီပဲ။
ထူးအိမ်သင်ကိုပင် ခပ်မာမာဟောက်ခဲ့သည့် ဦးဇာလျန်း။
“ခင်ဗျား သီချင်းမဆိုရင် အကောင်းဆုံးပဲ”
ဟု ရုပ်ရှင်မင်းသား ကျော်ဟိန်းကို ပြောခဲ့ဘူးသည်ဟု ကြားဖူးသော ဦးဇာလျန်းတယောက် ကျနော့်ကိုတောင်းပန်၍ ဂီတာတီးသင်ပေးခဲ့သည်ဟု ဆိုရမလောက်ပင်။
“အယ်စိုး … စိတ်ဓါတ်မကျနဲ့၊ ဆက်သာတီးပါကွ။ အဲ့ဒီ ဂီတသင်္ကေတတွေကို မင်း ဖတ်တတ်မှ ဂီတဆိုတဲ့ သဘောတရားကို မင်းသိမှာ။ ပြီးတော့ ဂီတရဲ့ သီအိုရီတွေ မင်း တဖြေးဖြေး နားလည်လာမှာ။ အဲဒီအခါကျရင် ဒေါနတောင်တန်းအကြောင်း၊ မင်းကရင်လူမျိုးတွေရဲ့ ဘ၀အကြောင်းတွေကို အဆင့်တန်းရှိရှိ သီချင်းတွေ မင်းစပ်နိုင်မှာ …”
ဆိုပြီး ပြုံးကာ ကျနော့်ကို အားပေးခဲ့ဘူးသည်။
သူက ကျနော့်ကို
“မြန်မာနိုင်ငံမှာ ငါ အကြိုက်ဆုံးဂီတာသမားတယောက်ရှိတယ်။ အဲဒီလူက ဒဲရစ်မေလာ”
ဟု ပြောဘူးသည်။
ထိုပုဂ္ဂိုလ်ကို အဲ့ဒီအချိန်တုန်းက ကျနော်တခါသာ မြင်ဘူးခဲ့ရသည်။ ဦးဇာလျန်းကြီးကို ဒဲရစ်မေ
လာဆိုသည့်လူက တလေးတစား လာတွေ့ သည့်အခါကပေါ့။
၎င်းတို့ နှစ်ဦးကိုပင် ကျနော် အမှတ်တရဓါတ်ပုံရိုက်ပေးလိုက်သည်။ ဓါတ်ပုံရိုက်ခါနီး ဦးဇာလျန်းက အင်္ကျီဝတ်မထားတော့ ဒဲရစ်မေလာက …
“ကိုဗစ် အင်္ကျီဝတ်မထားရင် ကျနော်လည်း ချွတ်တယ်ဗျာ”
ဆိုပြီး ၀တ်ထားသည့် ၎င်း၏အင်္ကျီကိုချွတ်လိုက်ပြီး သူတို့နှစ်ဦး ပြုံးရွှင်စွာ ဓါတ်ပုံရိုက်ခံခဲ့ကြသည်။
၎င်းတို့နှစ်ဦး၏ အတွေးအမြင်၊ ပုံသဏ္ဍာန်နှင့် ဂီတအပေါ်ထားရှိသောခံယူချက်တို့သည် တထပ်တည်းလို ရှိနေသလား ဟုတောင် ကျနော် တွေးမိသည်။ သူတို့နှစ်ဦးစလုံး တူညီနေသည့် အချက်တချက်ကလည်း ရှိနေသေးသည်။ ၎င်းတို့သည် ဂီတကိုလည်း တန်ဖိုးထား မြတ်နိုးသလို၊ သူရာရည်ကိုလည်း လွန်ကျူးစွာ တရှိုက်မက်မက် နှစ်သက်ခြင်းမှာလည်း တထပ်တည်း တူညီကြပြန်သေးသည်။
တနေ့၊ သူနှင့်ကျနော် လက်ဖက်ရည်ဆိုင်တဆိုင်အတွင်း ထိုင်နေစဉ်၊ ခိုင်ထူး၏ ပြန်လည်ဆန်းသစ်သီချင်းများကို လက်ဖက်ရည်ဆိုင်၏ ကက်ဆက်မှ ဖွင့်လိုက်သည်။ သီချင်း နှစ်ပုဒ်လောက် အဆုံးတွင် ဦးဇာလျန်းတယောက် မျက်ရည်များကျပြီး ကျနော့်ရှေ့တွင် ဟန်ဆောင်မထားနိုင်လောက်အောင် ငိုပါလေတော့သည်။ ထိုတဒင်္ဂအဖြစ်အပျက်ကို ကျနော်နားမလည်။ ဘာကြောင့် ဒီလောက်တောင် ၀မ်းနည်းပက်လက်ဖြစ်သွားရလဲ ဆိုတာ ကျနော် အမှန်တကယ်မသိလိုက။် မျက်ရည်များစီးကျနေရင်း ဦးဇာလျန်းက ကျနော့်ကို
“ရေ ဆိုတာ ဒီလို မခပ်ရဘူးကွ။ ဒါ … ခိုင်ထူး ရေခပ်တာ။ ငါလည်း ငွေဆိုတဲ့ ရေ လိုတာပေါ့ကွာ။ ဒါပေမဲ့ ငါ ရေကို အဲဒီလို တခါမှ မခပ်ခဲ့ဘူး”
ဟု ၀မ်းနည်းစွာဖြင့် ဆိုခဲ့ဘူးသည်။ ဘယ်သောအခါမှ ထိုအဖြစ်အပျက်ကို မေ့နိုင်တော့မည် မဟုတ်ပါ။
ဦးဇာလျန်းတို့၏ တေးပန်းချီ ဆိုသော “The Aces” တီးဝိုင်းနှင့် အဆိုတော်ခိုင်ထူး အတူတကွ ရွှေရောင်လွှမ်းခဲ့သောနေ့ရက်များ ရှိခဲ့သည်။ အဲဒီအချိန်တုန်းက သူတို့တတွေ တီးခတ်ခဲ့သည့် ဂီတသံစဉ်လက်ရာများနှင့် ယခုတဖန် “New Version” ဆိုသည့် ပြန်လည်တီးခတ်မှုများကို ဦးဇာလျန်းတယောက် နာကျင်စွာဖြင့် နှိုင်းယှဉ်ခံစားမိဟန်တူပါလိမ့်မည်။
ကျနော်တို့၏ စကားဝိုင်းများထဲတွင် ကမ္ဘာနှင့် မြန်မာ့ဂီတရပ်ဝန်း၊ ချစ်ခြင်းမေတ္တာ၊ သစ္စာတရား၊ အမှန်တရားကို မြတ်နိုးခြင်း၊ ပြီးတော့ သူနေထိုင်ခဲ့ဘူးသည့် ချင်းတောင်တန်းတွေဆီ။ သူ အလွန်နှစ်သက်သော အမေရိကန်စာရေးဆရာ ဂျွန်စတီးဘတ်၏ ၀ထ္ထုများ၊ ပြီးတော့ မြန်မာဝထ္ထုတိုများနှင့် ကဗျာ၊ ရုပ်ရှင်တွေ အကြောင်းအရာမျိုးစုံစုံ …
သူသည် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာလို ရေးသားထားသော စာအုပ်အတော်များများကို ဖတ်သည်။ အင်္ဂလိပ်လိုလည်း အဆင့်အတန်းမြင့်မြင့် စကားပြောဆိုနိုင်သည်။
“ မြို့ထဲကထောင်ထားတဲ့ သီချင်းကြော်ငြာဆိုင်းဘုတ်တွေကို ကြည့်လိုက်ရင် အဖေ့ရဲ့နံမည်က အမြဲလိုလိုနေရာ အတော်များများမှာတွေ့ရတယ်။ အဖေက နံမည်ကြီးလို့ သူများတွေက ပြောကြတာပဲ နံမည်ကြီးပြီး ဘာဖြစ်လို့ ကျမတို့ ဆင်းရဲနေရတာလည်း မသိ”
ဆိုပြီး ၎င်း၏ ဆယ့်သုံးနှစ်ရွယ်သမီး ကျနော်တို့နှစ်ယောက်ရှေ့တွင် သူမ၏ သူငယ်ချင်းတယောက်ကိုပြောသည်ကို ဦးဇာလျန်းတယောက် ငြိမ်သက်စွာနားထောင်ပြီး ခေါင်းတငြိမ့်ငြိမ့်နှင့် ပြီးတော့ ကျနော်ဖက်လှည့်ပြီး ပြုံးလိုက်သည်။ သူ့ရဲ့အပြုံးက ဟန်ဆောင်မှုမရှိသည့်
ရင်ထဲကအပြုံး။
လနှင့်ချီ၍ သူ့ ဆီကို ကျနော်မရောက်ဖြစ်ခဲ့တော့ တရက် ကိုညီညီသွင်ရောက်လာပြီး
“ကိုဘွဲ့ကြီးရဲ့ အသုဘနေ့တုန်းကပေါ့။ အခေါင်းတင်ထားတဲ့ကား တဖြေးဖြေးနဲ့ စော်ဘွားကြီးကုန်း သင်းချိုင်းဖက် စ ထွက်နေတဲ့အချိန်၊ လူငယ်တယောက် ဆိုက်ကားပေါ်ကနေ ကမန်းကတန်း ပြေးဆင်းလာပြီး အသုဘကားရဲ့နောက်ကို အမောတကောပြေးလိုက်လာတယ်။ လက်ကလည်း ပန်းခွေကြီးကိုကိုင်လို့။ ‘ဦးဇာလျန်းပို့လိုက်တာပါ …’ လို့ အော်ပြောပြီး ပန်းခွေကို ကားပေါ် လှမ်းတင်လိုက်တယ်ကွ …”
ထိုအချိန်၌ ဦးဇာလျန်းတယောက် ချော်လဲကာ ခြေထောက်ကျိုးသွား၍ ရန်ကုန်ဆင်မလိုက်အရပ်ရှိ အရိုးအထူးကုဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် လနှင့်ချီကာ ဆေးရုံတက်နေရရှာသည်။ ငွေကြေးကလည်း မပြည့်စုံ။ ထို့ကြောင့် စောဘွဲ့မှုးကြီး၏ နောက်ဆုံးခရီးကို လာရောက်၍ မပို့နိုင်ခဲ့။ သူ၏ တပည့်တဦးကို မေတ္တာရပ်ခံပြီး လွမ်းသူ့ပန်းခွေတခွေ ပို့၍ ၎င်း၏ဂီတရဲဘော်တဦးကို လေးစားစွာဖြင့် ဂုဏ်ပြုလိုက်ခြင်းပါပဲ။ ၎င်း၏ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲကြီး ဂုဏ်ပြုခြင်းပါ။
“သိပ်စောတယ်ကွာ။ အသက် လေးဆယ့်နှစ်နှစ် ဆိုတာ။ သိပ်ကို စောတာ။ အတိုင်းအတာတခုထိ အတွေ့ အကြုံတွေရှိထားပြီး အကောင်းဆုံး တခုခုကို စပြီး ပေးနိုင်တဲ့အချိန်ဟာ ဒီအချိန်ပဲ”
ဟူ၍ နှမြောတသစွာဖြင့် ကျနော့်ကို လူနာကုတင်ထက်မှ ပြောခဲ့ပါသည်။
“ဂီတာဆိုတာက ဆော့စရာ၊ ကစားဖို့ပစ္စည်းတခု မဟုတ်ဘူးကွ။ အဲ့ဒီ ဂီတာကို တီးလိုက်ရင် ကြည်နူးစရာ၊ လွမ်းစရာ ဒါမှမဟုတ် တက်ကြွတဲ့ သံစဉ်တွေပဲ ထွက်နေရမယ်”
လို့ မှတ်ချက်ပေးဘူးသည်။
လွန်ခဲ့သည့် ၂နှစ်ကျော်ကျော်ခန့်က ရန်ကုန်မြို့ ရှိ ဟော်တယ်ကြီးတခု၌ ခိုင်ထူး၏ တကျော့ပြန် ဂီတတင်ဆက်မှုကြီး ပြုလုပ်သည်။ နှစ်ပေါင်း ၂၀ နီးပါး စင်မြင့်ပေါ်တွင် မတွေ့ခဲ့ရသော ဆလိုင်းဇာလျန်းတယောက် ဘေစ့်ဂီတာကြီးကိုလွယ်ကာ ပြန်တွေ့ရသည်။
တီးခတ်တင်ဆက်မှုတွေအပြီး မော်ဒယ်မိန်းကလေးများ၊ အဆိုတော်မိန်းမငယ်နုနုကလေးတွေကို လူငယ်များက စိတ်ဝင်စားမှု မရှိကြဘဲ ဆလိုင်းဇာလျန်းထိုင်နေသည့် ဘေးမှာစုလို့ရုံးလို့၊ သူတို့တတွေသိလိုတာကို တလေးတစားမေးကြသည်။ ပြီးတော့ ဦးဇာလျန်းတယောက် ဘာပြောမည်ဆိုတာကို တလေးတစား မျှော်လင့်ကာ နားစွင့်နေခဲ့ကြသည်။ ထိုလူငယ်များအတွက် ဆလိုင်းဇာလျန်းသည် အမြဲတန်းရှင်သန်နေသည့် သမိုင်းဝင်ဂီတာသမားကြီးတဦး၊ ပုဂ္ဂိုလ်ရေးအရ သူ့မှာ လူသားတယောက် အပြစ်အားနည်းချက်တွေ တန်းစီကာရှိခဲ့ပေလိမ့်မည်။ ဒါပေမဲ့ ဦးဇာလျန်းတယောက် သူ မြတ်နိုးသော ဂီတနှင့်ထပ်တူ လူငယ်တွေအပေါ် ရိုးသားပြီး တန်ဘိုးထားခဲ့သည်။
၎င်း၏ရင်ထဲမှ အကောင်းဆုံး အမွန်မြတ်ဆုံး ဖြတ်သန်းခဲ့သည့်ဘ၀နဲ့ ရင်းပြီး ရခဲ့သည်များကို လူငယ်တွေဆီ သူရက်ရက်ရောရောကြီး ပေးပစ်သည်။ ဒါကြောင့်လည်း မျိုးဆက်တဆက်လောက် ခြားသွားပေမဲ့ ထိုက်တန်သောတန်ဘိုးကို ဦးဇာလျန်းတယောက် ပြန်လည်ရရှိခြင်းပါ။
မိမိ၏ဖခင်အရင်းလိုပင် ရင်နှီးပွင့်လင်းစွာဆက်ဆံသောလူငယ်တဦး ၎င်း၏ ပထမဆုံးသော ဂီတာတီးခတ်၍ရသည့် ၀င်ငွေထဲမှ ဦးဦးဖျားဖျားကို ဦးဇာလျန်းနေထိုင်ရာ ရန်ကုန်မြို့၏ ဆင်ခြေဖုံးရပ်ကွက်သို့အရောက်သွားပြီး ကန်တော့သည်။ ပြီးတော့လည်း တလေးတစားဖြင့် သူ့အိမ်မှ ပြန်၍မထွက်မီ ဦးဇာလျန်း၏ ပါးပြင်ကို နမ်းလိုက်သည်။ ကြည်နူးမင်္ဂလာရှိလိုက်သောမြင်ကွင်း ဦးဇာလျန်းတယောက် ငွေကြေးဖူလုံမှု မရှိရှာသော်လည်း ဘယ်လိုမှ ငွေကြေးဖြင့် ၀ယ်ယူ၍မရသော ချစ်ခြင်းမေတ္တာနှင့် လေးစားမှုကို ပိုင်ဆိုင်ထားသူတဦးဖြစ်သည်။
၂၀၀၇ ခုနှစ် မိုးဦးကာလတွင် မိတ်ဆွေတဦး၏ကားကြုံဖြင့် ကျနော် ဦးဇာလျန်းနေထိုင်သည်ဆိုသော မင်္ဂလာဒုံမြို့နယ်၊ ကျိုက်ကလော့အရပ်သို့ ရောက်သွားသည်။ သို့ရာတွင် သူ့ကိုကား ကျနော် မတွေ့ခဲ့ရ၊ လုပ်ငန်းရှင်တဦးပိုင်ဆိုင်သော မှော်ဘီမြို့ အနီးရှိ နှင်းဆီပန်းခြံတခုတွင် အစောင့်တဦး အဖြစ်နေထိုင်နေသည်ဟု ကလေးငယ်ကို ချီထားသော ၎င်း၏သမီးက ကျနော့်ကိုပြောပြသည်။
လွတ်လပ်သော အပြာရောင်ကောင်းကင်ကြီးအောက်ရှိ ရဲရဲနီနေသည့်နှင်းဆီခင်းထဲ ဦးဇာလျန်းတယောက် ငြိမ်းချမ်းနေပေတော့မည်။ ပြီးတော့လည်း ၎င်း၏သမီးက ကျနော့်ကို
“အဖေ အရက် မသောက်တော့ဘူး …”
ဟူ၍ ပြုံးရွှင်စွာဖြင့် သတင်းကောင်း ပြောရှာသည်။ ကျနော့်အတွက် သတင်းကောင်းဖြစ်သလို ၎င်းတို့ မိသားစုကြီးအတွက် တကယ့်သတင်းကောင်းကြီး။ သူနေထိုင်သည့် တံခါးမရှိသောတဲငယ်၏ ၀ါးထရံနံရံပေါ်တွင် မြေးငယ်ကိုပြုံးရွှင်စွာချီထားသောသူ၏ဓါတ်ပုံက ကျနော့်ကိုစကားတွေ အများကြီးပြောနေသလို …
ကိုဗစ်၊ ဆလိုင်းဇာလျန်း၊ ဦးဇာလျန်း ပြီးတော့ မြေးငယ်တဦး၏ ဘိုးဘိုးဇာလျန်း ဖြစ်နေပြီပဲဟု ကျနော်တွေးမိကာ ပြုံးမိလိုက်သည်။
နောက်တခါ ကျနော်လာဦးမည်ဟု ၎င်း၏သမီးငယ်ကို ပြောလိုက်သည်။
သို့ပေမဲ့ အခြေအနေ အမျိုးမျိုး၊ ဘ၀တကွေ့ အချိုးအဆစ်၊ အလှည့်အပြောင်းတခုကြောင့် ကျနော် သူ့ဆီ နောက်တကြိမ် အရောက် မသွားနိုင်ခဲ့တော့။
ဘယ်နေရာကို ရောက်ရောက်၊ သီချင်းသံစဉ်တွေ ကြားတိုင်း၊ ဂီတာတီးခတ်သံတွေ ကြားတိုင်း၊ တခါတရံ ကျနော်တမ်းတစွာဖြင့် သူ့ကို လွမ်းမိသည်။ ကျနော်တို့ ၂ ဦး၏ အဖြူစင်ဆုံးနေ့ရက်တွေ … ဘယ်တော့မှ ပြန်ရတောါမည် မဟုတ်။
သူ ကျနော့်ကို အလွန်ဖြစ်စေချင်လွန်းသော ဂီတာသမားတယောက်အဖြစ် ကျနော် ဘယ်လိုမှ မဖြစ်ခဲ့ပေမဲ့၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဓာတ်ပုံသတင်းထောက် ကျနော် ဖြစ်လာခဲ့သည်။
သံစဉ်များဖြင့် ကျနော်သည် မြန်မာနိုင်ငံမှ လူ့ဘ၀များအကြောင်း၊၎င်းတို့၏ ညီးညူ၊ နာကျဉ်မှု၊ လွတ်မြောက်ရေးအတွက် ရုန်းကန်မှုအလုံးစုံကို မဖွဲ့နွဲ့၊ မသီကျုးနိုင်ခဲ့သော်လည်း ကျနော်၏ဓာတ်ပုံများသည် စကားပြောနိုင်ခဲ့သောအခွင့်ကို ရခဲ့သည်။
ဂီတဖြင့် ကျနော်ပြောချင်သောစကားများကို မပြောနိုင်ခဲ့သော်လည်း ကျနော်၏ ဓါတ်ပုံများသည် စကားပြောနိုင်ခဲ့သောအခွင့်ကို ရခဲ့သည်။
ဤကား ဦးဇာလျန်း ကျနော့်ကို အမြဲပြောပြောနေတတ်သော
“လောကကြီးကို အကောင်းဆုံးပြန်ပေးပါ”
ဆိုသည့် စကားအဓိပ္ပါယ်ကို ကျနော်နားလည်သလောက် အကောင်အထည်ဖေါ်လိုက်ခြင်းပဲ ဖြစ်သည်။
နှင်းဆီတွေမှာ ဆူးရှိသလို သူ့ဘ၀တလျှောက်လုံး ခလုတ်ဆူးညှောင့်ခရီးများ ကြုံခဲ့ဘူးပြီ။ ခေါင်းမာပြီး အနုပညာနှင့် အမှန်တရားအတွက် အပေးအယူ မလုပ်နိုင်လွန်းသော ဆူးများကလည်း သူ့တကိုယ်လုံးမှာ အပြည့် စွင့်စွင့်ကားကား။
သို့ ပေမဲ့ သင်းပျံ့ သော ရနံ့နှင့် ယှဉ်လျှက် မဟုတ်ပါလား။ ဒါကြောင့်သူသည် နှင်းဆီတွေကို ချစ်မြတ်နိုးလွန်းကာ နှင်းဆီခင်းထဲရောက်သွားခြင်းဖြစ်မည်။ နီမောင်းရဲမြနေသော နှင်းဆီပွင့်နှင့်တူလွန်းသည့် ဇာလျန်း (သို့ မဟုတ်) နှင်းဆီလူသားတဦး။

-- 
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
Peter
Præstebakken 27 St, Th
6700 Esbjerg City
Denmark.

Comments

Popular posts from this blog

Zomi: Who They Are

Zomi Total population ca. 2,500,000 Languages Various Kuki , Mizo , Chin , Naga , Paite Religion Christianity , Animism , Buddhism , Laipian Related ethnic groups Naga , Meitei , Hmar , Mizo , Kuki Zomi [1] is the name of a major tribe found in various parts of South and South East Asia. The term Zomi meaning, Zo People [2] is derived from the generic name 'Zo', the progenitor of the Zomi. They are found in northwestern Myanmar, northeastern India and Bangladesh. Anthropologists classify them as Tibeto-Burman speaking member of the Mongoloid race. In the past they were little known by this racial nomenclature. They were known by the non-tribal plain peoples of Myanmar, Bangladesh and India as Chin, Kuki, or Lushai. Subsequently the British employed these terms to christen those 'wild hill tribes' living in the "un-admiral. They are Zomi not because they live in the highlands or hills, but are Zomi and call the...

CHIN, ZOMI, MIZO, ZO cihtawh kisai Debate

CHIN, ZOMI, MIZO, ZO cih minvai tawh kisai India gam aom ih mipihte kikupna, Debate bawlna hi. Sausimsim in alunglut velvelte bekin atawpdong simzo bekding hi. This is the outcome of the debate about our nomenclatures like Chin-Kuki-Mizo-Zomi on FaceBook – Zolengthe Group. The debate Vaphual shows that every one of us clearly know who we are – We are Zo, but some opined that Kuki nomenclature should be used as it is recognised nationaly and internationally. This is the starting point of the debate: Dear friends, MIZO=ZOMI, then is it something like both side of a coin? If it is so, then there is no chance of sitting under one administrative umbrella. Another Point: Mizo or Zomi ~ Which one should be the right word? I know You will say both. But according to Pu T. Gougin, Founder President of Zomi National Congress, “The land come first and then the people” therefore, it should be Zo… Mi….. that means Zo = Land and Mi = People. He further argued that MIZO is a wrong word; ...

Dr. Chin Do Kham Tangthu

Dr. Chin Do Kham Biography Education     Scholar in Residence for Ph.D. Educational Studies Program at Trinity International University, Chicago, USA, May 2003-August 2005.D., Intercultural Studies, Trinity Evangelical Divinity School of Trinity International University, Chicago, 1998.Min.(Doctor of Ministry in Pastoral Leadership), Oral Roberts University, Tulsa, OK, 1994.Special Study Program at Jerusalem Center for Biblical Studies, Israel, 1996. Educational Administrative and Teaching Experiences Adjunct Professor of Missions and Leadership at Myanmar Evangelical Graduate School of Theology (MEGST), Myanmar since Fall 2008 to PresentAssociate Adjunct Professor of Graduate School of Theology at Global University, Springfield, MO, USA 1996-present.Professor and Director of M.A. Missions Program and taught Leadership and Missions courses for M.A./M.Div./D.Min. courses at Oral Roberts University (2006-2008)Dean of Students and Professor of Missions/Leadership at Asia Pacific T...